ခိုင်ရိုးလ/ DMG

ဇွန် ၂၇၊ မင်းပြား

မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာမှ အသက် ၁၈ နှစ်အထက်နှင့် အသက် ၅၀ အောက် ရွာသား (၅၀) ကျော်မှာ တပ်မတော်စစ်ကြောင်း ဝင်လာသောကြာင့် ကြောက်လန့်ပြီး နီးစပ်ရာကျေးရွာများသို့ ထွက်ပြေး နေကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ပြောသည်။

ဇွန်လ ၂၆ ရက်နေ့၊ ညနေက အင်အား ၁၂၀ ခန့်ရှိသည့် တပ်မတော်စစ်ကြောင်းတစ်ခုသည် ကျေးရွာအတွင်းသို့ ဝင်ရောက်လာသည့်အတွက် ရွာသား (၅၀)ခန့်မှာ အနီးအနား ကျေးရွာများသို့ ထွက်ပြေးနေခြင်းဖြစ်ကြောင်း ဦးဝေလှအောင်က ပြောသည်။

“တပ်မတော်စစ်ကြောင်း ဝင်လာတဲ့အတွက် ကြောက်လန့်ပြီး ထွက်ပြေးတာရှိပါတယ်။ ထွက်ပြေးတာက ပန်းမြောင်း၊ မင်းဖူး၊ အိုးပျဉ်တောင်ရွာတွေကို ထွက်ပြေးကြတာပါ။ လူငယ်ပိုင်းတွေ ထွက်ပြေးတာပါ” ဟု ဦးဝေလှအောင် ကပြောသည်။

ယင်းသို့ ကြောက်လန့်၍ ထွက်ပြေးနေသည့် ကျေးရွာသားများကို တပ်မတော်က ပစ်ခတ်မှုများ ရှိခဲ့သော်လည်း ထိခိုက်သူများ မရှိခဲ့ကြောင်း ၄င်းက ဆက်လက်ပြောသည်။

“မနေ့က ညနေ ၅ နာရီလောက်မှာ သူတို့ဝင်လာတော့ ရွာသားတွေက ထွက်ပြေးကြတဲ့အခါ လိုက်လို့ပစ်ပါတယ်။ ပစ်တဲ့အခါ ရွာသားတွေကို မှန်အောင်ပစ်တာနဲ့ မတူပါ။ ပစ်တော့ပစ်တယ်။ တစ်ဦးမှ မထိမှန်ပါ” ဟု ဦးဝေလှအောင်က ပြောသည်။

တပ်မတော်သားများသည် ရွာသားများကို ရိုက်ပုတ်သည်ဆိုသည့် ကောလဟာလ သတင်းများကြောင့် ရွာသားများ ထွက်ပြေးကြခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

လက်ရှိတွင် တပ်မတော်စစ်ကြောင်းသည် ရွာမှ ထွက်ခွာသွားပြီဟု ဒေသခံများထံက သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

Author: Admin