
(ဓာတ်ပုံ - ဖမ်းဆီးခံထားရချိန်က ကိုအမ်းသားကြီးအား ရုံးထုတ်တစ်ခုတွင် တွေ့ရစဉ်)
မြောက်ဦး ၊ ဖေဖော်ဝါရီလ ၁၄ ရက် / DMG
မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် ရခိုင်အခြေစိုက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော သင်္ဂဟကမ်းလက်ရက္ခအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီး(ခ)ကိုသန်းရွှေမှာ ယနေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။
ကိုအမ်းသားကြီးကို ယနေ့နံနက်ပိုင်းက မြောက်ဦးမြို့နယ်တရားရုံးမှ စွဲချက်မတင်ခဲ့သဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးထွန်းလှက ပြောသည်။
ကိုအမ်းသားကြီးမှာ ပြီးခဲသည့်နှစ်က မြောက်ဦးမြို့မြတန်ဆောင်းပရဟိကျောင်းတိုက်၌ ကျင်းပခဲသည့် ရခိုင့်တပ်မတော် AA (၈)နှစ်ပြည့်အထိမ်းအမှတ် ဟောပြောပွဲတွင် ပါဝင်ဟောပြောခဲ့သည့်အတွက် မြတန်ဆောင်းဆရာတော်၊ ကိုခိုင်နေမင်းတို့နှင့်အတူ မတရားအသင်းဆက်သွယ်မှု ဥပဒေဖြင့် တရားစွဲဆိုခံခဲ့ရကာ မြောက်ဦးမြို့နယ်ရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး အမှုရင်ဆိုင်နေခဲ့ရာမှ ယနေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းလည်း ဖြစ်သည်။
ကိုအမ်းသားကြီးမှာ ရခိုင်ပြည်နယ်အတွင်း ပဟိတလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး သူအဖမ်းမခံရချိန်အထိ အကြမ်းဖက်သမားများ၏ရန်ကြောင့် ဒုက္ခရောက်နေကြသော မောင်တောမြို့ဒေသအတွင်းမှ ဒေသခံများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ပေးခဲ့သူတစ်ဦးလည်း ဖြစ်သည်။




