
သက်နိုင်/ DMG
မေ ၁၈ ၊ စစ်တွေ
ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် မရမာကြီးအမျိုးသားနေ့ကို စစ်တွေမြို့တွင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ယနေ့ကျရောက်သည့် (၄) ကြိမ်မြောက် မရမာကြီးအမျိုးသားနေ့ကို လူအနည်းငယ်သာ တက်ရောက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ မနှစ်ကကျင်းပတဲ့ အမျိုးသားနေ့မှာ လူတစ်စုကလာပြီးတော့ ဘယ်သူ့အမိန့်နဲ့ လုပ်တာလဲ။ ဘာလဲ ညာလဲဆိုပြီးတော့ ကျောင်းပေါ်ကိုတက်ပြီး ခြိမ်းခြောက်တယ်။ အဲဒါကြောင့် လူတွေကကြောက်ပြီးတော့ မလာရဲကြတော့ဘူး” ဟု ရခိုင်ပြည်နယ်တိုင်းရင်းသား မရမာကြီးလူမျိုးစုခေါင်းဆောင် ဦးမောင်နုက ပြောသည်။
ယနေ့ကျရောက်သည့် မရမာကြီးအမျိုးသားနေ့ကို စစ်တွေမြို့ မရမာကြီးကျောင်းဟောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး လူဦးရေ ၅၀ ကျော် တက်ရောက်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မောင်တောနှင့် ကျောက်ဖြူမြို့နယ်တို့တွင် မရမာကြီးတိုင်းသား တစ်သောင်းခန့်နေထိုင်ကြကြောင်း သိရသည်။








