
ခိုင်မင်း(ကျောက်ဖြူ)၊DMG
အောက်တိုဘာ ၃၀၊ တောင်ကုတ်
ရခိုင်ပြည်နယ်၊ မအီမြို့ရှိ ဈေးသစ်ဆောက်လုပ်ကာ ဈေးဆိုင်ခန်းများကို မဲဖောက်ချပေးခဲ့သည့်အပေါ် ဆိုင်ခန်းလျှောက်ထားသူများက ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ အောက်တိုဘာလ ၂၉ ရက်နေ့က ဆန္ဒထုတ်ဖေါ်မှုတစ်ခုကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါ မအီမြို့သစ်ဈေးကို ၂၀၁၇ ခုနှစ်က စတင်ကာ ဈေးကော်မတီဝင်များဖွဲ့စည်း၍ လူတစ်ဦးလျှင် သိန်း(၂၀)ကျပ်ကို အရစ်ကျပေးသွင်းရပြီး ဈေးကြီးတွင် အဆောင်(၄)ဆောင်၊ ဈေးဆိုင်(၁၂၈)ခန်းပါ ဝင်ဖွဲ့စည်းတည်ဆောက်ထားကာ ဈေးကြီးမှာ ၉၅%ခန့် ပြီးစီးနေပြီဖြစ်သဖြင့် ဈေးဆိုင်ခန်းများကို မဲဖောက်နေရာချထားပေးရာတွင် ဈေးကော်မတီမှ ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် အခုလို ဆန္ဒဖော်ထုတ်ရတာဖြစ်ကြောင်း ဈေးဆိုင်ခန်းလျှောက်ထားသူများကပြောသည်။
"ဈေးဆိုင်ခန်းလျှောက်ဖို့အတွက် စည်ပင်ကလျှောက်လွှာတွေရောင်းတဲ့အချိန်မှာ ရှိသမျှလူတွေအကုန်လုံးကို ကုန်စုံဆိုပြီးတော့ထည့်တယ်၊ သူတို့ကပြန်ပြီးခွဲပေးမယ်ဆိုပြီးတော့ မခွဲပေးဘူး၊ ကော်မတီကကျတော့ မဲဖောက်တဲ့အခါမှာ ချပြထားတာမသေချာတဲ့အတွက် အခုလိုပြဿနာတွေတက်လာဖြစ်တယ်၊ ဒီပြဿနာမှာ မဲတွေကိုပြန်ပြီး ဖောက်ပေးစေချင်တယ်၊ ဈေးအဆောင်တွေကိုလည်း ပြန်လည်ခွဲပေးစေချင်တယ်” ဟု ဆိုင်ခန်းလျှောက်ထားသူ ကိုမောင်မျိုးသန့်ကပြောသည်။
ဆန္ဒထုတ်ဖေါ်ကြသော ဈေးဆိုင်ခန်းလျှောက်ထားသူများမှာ မဲဖောက်သည့်စနစ်ကို နားလည်မှုမရှိ၍ ဖြစ်သလို မဲဖောက်ရောင်းချခြင်းမှာ ဈေးဆိုင်ခန်းများကို စနစ်တကျဖြစ်စေလိုသည့်အတွက်သာဖြစ်ကြောင်း မအီမြို့ စည်ပင်ကော်မတီဥက္ကဋ္ဌ ကပြောသည်။
“ကျွန်တော်တို့ကတော့ ကော်မတီဝင်တွေမှာရှိတဲ့စာရင်းအတိုင်းပဲ မဲကိုဖောက်ပဲခဲ့တာပါ၊ ဈေးဆိုင်ခန်းတွေကို လည်း ကုန်စုံ ကုန်စုံသပ်သပ်၊ အလှကုန်သပ်သပ်စီဖြစ်စေချင်လို့ အဆောင်တစ်ဆောင်ချင်းစီကို မဲဖောက်ပေး သွားတာပါ၊ အားလုံးကိုရောပြီး မဲဖောက်ပေးမယ်ဆိုရင် အကုန်လုံးရောကုန်မှာစိုးတဲ့အတွက် အခုလို စီစဉ် ရတာဖြစ်တယ်လို့" စည်ပင်ကော်မတီဥက္ကဌ ဦးဝင်းလွင်မှပြောသည်။
ဆန္ဒဖော်ထုတ်ပွဲတွင် မအီမြို့ အမှတ်(၄)ရပ်ကွက် ပြည်ဝင်စေတီရှေ့မှစတင်ပြီး ဈေးသူဈေးသား (၁၀၀) ဝန်းကျင်မှ မအီဈေးဖြစ်မြောက်ရေးကော်မတီအလိုမရှိ၊ ဆိုင်ခန်း(၁၂၈)ခန်းအားပွင့်လင်းမြင်သာစွာ ပြန်လည်မဲနှိုက်ပေးရေး စတဲ့ကြွေးကြော်သံများကို ကြွေးကြော်ကာ မအီဈေးသစ်ကြီးထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။




