မအီ သုံးလောင်းပြိုင် လူသတ်မှုတွင် သံသယရှိသူဟု ရဲတပ်ဖွဲ့ထုတ်ပြန်ထားသူဖြစ်သည်။

 

ခင်သရဖီဦး၊ DMG

အောက်တိုဘာ ၅၊ စစ်တွေ

သံတွဲခရိုင် မအီမြို့တွင် ဇွန်လ ၄ ရက်နေ့ကဖြစ်ပွားခဲ့သော ၃ လောင်းပြိုင်လူသတ်မှုဖြင့် သံသယရှိသူအား လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးဟု  တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက DMG ကိုပြောသည်။

 “ တရားခံကို အခုချိန်ထိ ဖမ်းမမိနိုင်သေးပါဘူး ”ဟု ၎င်းကသည်။

သုံးလောင်းပြိုင် လူသတ်မှုကျူးလွန်သူဟု သံသယရှိသူမှာ ကိုခင်မောင်အေး (အသက် ၂၆ နှစ်) ဖြစ်ပြီး ၄င်း၏ ဇနီးနှင့် ဇနီး၏ဖခင်၊ မိခင်တို့ကို တပြိုင်တည်းသတ်ခဲ့သည်ဟု ရဲစခန်းမှတ်တမ်းများအရ သိရသည်။

ဦးခင်မောင်အေးသည် ဇနီးသည်ကို ယောက္ခမနေအိမ်မှ ဆွဲခေါ်ယူရာတွင် ယောက္ခမ ဦးရွှေအေးမောင်နှင့် ဒေါ်မခင်သန်းတို့က ၀င်ရောက်ဟန့်တားသဖြင့် ယောက္ခမလင်မယားကိုသတ်ဖြတ်ပြီး ဇနီးကိုပါ ထပ်မံသတ်ဖြတ်ခဲ့ကြောင်း မအီမြို့မရဲစခန်းက သိရသည်။ 

သံသယတရားခံ ဦးခင်မောင်အေးကို လူသတ်မှုဖြင့် ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုထားပြီး တွေ့ရှိလျှင် နီးစပ်ရာ ရဲစခန်းသို့ သတင်းပေးတိုင်ကြားနိုင်အတွက် ၄င်း၏ ဓာတ်ပုံနှင့် သံတွဲခရိုင်ရဲတပ်ဖွဲ့ ဝရမ်းထုတ်ထားကြောင်း သိရသည်။