ဇူလိုင်လ ၇ ရက်၊ ၂၀၁၈ ခုနှစ် / DMG ။     ။ မာန်အောင်မြို့နယ်၊ သစ်ဝအုပ်စု၊ ဇရပ်ကုန်းခင်ကျေးရွာတွင် နေထိုင်သူတစ်ဦးမှာ ဇူလိုင်လ ၆ ရက် ည ၁၁ နာရီအချိန်က အိပ်နေရင်း ငါးဖမ်းစက်လှေပေါ်မှ ပြုတ်ကျကာ သေဆုံးသွားကြောင်း သိရှိရသည်။

သေဆုံးသွားသူမှာ မြောက်ဦးမြို့၊ ဘာညိုကျေးရွာမှ ကိုကျော်စိုး(အသက် ၃၂ နှစ်)ဖြစ်ပြီး မာန်အောင်မြို့ ဇရပ်ကုန်းခင်ကျေးရွာမှ ငါးဖမ်းစက်လှေတွင် လာရောက် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

“ မနေ့က ည ၁၁ နာရီလောက်က အိပ်နေရင်း ပြုတ်ကျသွားတာလို့ သိရတယ်။ ဒါပေမဲ့ အလောင်းကိုတော့ ဒီနေ့ မနက် ၅ နာရီလောက်မှာမှ တွေ့တာဖြစ်တယ် ” ဟု မာန်အောင်မြို့နယ် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် သေဆုံးသူ ကိုကျော်စိုးဦးအား ဓမ္မတာသေဆုံးခြင်း ဟုတ်မဟုတ်ကို စစ်ဆဲရန်အတွက် မာန်အောင်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး သေမှုသေခင်းနှင့် အမှုဖွင့်လှစ်ရန်ပြင်ဆင်နေကြောင်း မာန်အောင်မြို့နယ်ရဲစခန်းမှ သိရသည်။  

Author: အောင်ကောင်းဇော်