အစိုးရပေးသော လျော်ကြေးငွေကို လက်မခံသောကြောင့် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၅ ဖြင့် ထောင်ဒဏ် ၆ လ မကျခံရမီ ဦးဖြူသီးခိုင်နှင့် ဦးတာနီတို့အား တရားရုံးအထွက်တွင် တွေ့ရစဉ်

အောင်ကောင်းဇော် ၊ DMG

အောက်တိုဘာ ၈ ၊စစ်တွေ

မာန်အောင် လေယာဉ်ကွင်းလျော်ကြေးငွေကိစ္စနှင့် ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးက  ခေါ်ယူပြောဆိုသောစကားနှင့် ယင်းရုံးက မှတ်တမ်းတင်ထားသော စာများမှာ ကွဲလွဲမှုများ ရှိနေသည်ဟု ဦးဖြူသီးခိုင်က ပြောသည်။

လေယာဉ်ကွင်းလျော်ကြေးငွေ ပေးရမည့်ကိစ္စနှင့် ပတ်သတ်ပြီး လေယာဉ်ကွင်းတိုးချဲ့မြေတွင် ပါဝင်နေသည့် မာန်အောင်ဒေသခံ ဦးဖြူသီးခိုင်နှင့် ဦးတာနီတို့ကို စက်တင်တာလ ၂၇ ရက်နေ့ က  မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းသို့ ခေါ်ယူကာ လျော်ကြေးငွေယူရန် ကိစ္စများဆွေးနွေးခဲ့ကြသည်။

ယင်းနှင့်ပတ်သတ်ပြီး မှတ်တမ်းတင် စာရွက်ပေါ်တွင် ရေးသားထားသော စာများမှာ ၎င်းတို့ ဆွေးနွေးခဲ့သော  စကားများနှင့် မတူညီဟု ဆိုကြသည်။

အဆိုပါနေ့က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်နုအောင်တို့က မြေနေရာကို မဖယ်ပေးလျှင်  တရားစွဲဆိုသွားမည်ဟု ခြိမ်းခြောက်မှုများရှိခဲ့သော်လည်း မှတ်တမ်း တွင်မူ ယင်းသို့မဟုတ်ဘဲ ဌာနဆိုင်ရာဘက်ကိုသာ အကောင်းရေးသားထားသည်ဟု ဦးဖြူသီးခိုင်က ဆိုသည်။

“ကျနော်တို့ကိုပြောတာနဲ့   အခုစာထဲမှာ မှတ်တမ်းတင် ရေးထားတာ ဘာမှမဆိုင်ဘူး။  အဲဒီနေ့က လွှတ်တော် ကိုယ်စားလှယ်နဲ့  မြို့နယ်အုပ်ချုပ်ရေးမှူးတို့ နှစ်ဦးပဲ ပြောတယ်။  အခုမပြောဘဲ ထိုင်နား ထောင်တဲ့ သူတွေကိုပါ မှတ်တမ်းမှာ ပြောပါတယ်ဆိုပြီး ရေးထားတယ်။ ပြီးတော့ အဲဒီနေ့က ပြောတာက မဖယ်ပေးရင် တရားစွဲမယ်ဆိုတာကိုပဲ ပြောတယ်။ အခု ရေးထားတာထဲမှာ သူတို့ အကောင်းလုပ်သလိုပဲ ရေးထားတယ်”ဟု ၎င်းကပြောသည်။

DMG က ရရှိထားသည့် ဆွေးနွေးပွဲမှတ်တမ်းစာရွက်တွင်  ဒေသခံ နှစ်ဦးအနေဖြင့် အစိုးရပေးသော လျော်ကြေးငွေကို ယူလိုစေကြောင်း ၊လေယာဉ်ကွင်း တိုးချဲ့လုပ်ငန်းသည် မာန်အောင်ဒေသအတွက် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေမည့် လုပ်ငန်းဖြစ်သည်။ ယင်းကြောင့် ဒေသခံများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွှက်စေလိုကြောင်းနှင့်  ထိုကဲ့သို့ မဟုတ်လျှင်လယ်ယာမြေ ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားမည်ဟုဖော်ပြထားသည်ကို တွေ့ရသည်။

ယင်းအပြင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက လေဆိပ်တာဝန်ခံ ဦးမင်းကိုလှိုင်လှိုင်က ၎င်းတို့နှစ်ဦးကို မာန်အောင်ကျွန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေကြခြင်းကို နားလည် သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်ပေးလိုကြောင်း ဆွေးနွေးခဲ့သည် ဟု မှတ်တမ်းတွင် ရေးသား ထားသည်ကိုတွေ့ရသည်။

ယင်းနှင့်ပတ်သက်ပြီး ဦးဖြူသီးခိုင်က “လယ်စီ (မြို့နယ်လယ်ယာစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန) ကလည်း ဘာမှမပြောဘူး။ လေယာဉ်ကွင်းမှူး(လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက လေဆိပ်တာဝန်ခံ )ကလည်း ဘာမှမ ပြောဘူး ” ဟုပြောသည်။

ဦးဖြူသီးခိုင်ကို  အိမ်ခြံမြေ အပါအဝင် ၅၁ သိန်းကျပ် နှင့် ဦးတာနီကို အိမ်ခြံအပါအဝင် သိန်း ၁၀၀ ကျော် လျော်ကြေးပေးမည်ဟု အစိုးရက ပြောဆိုထားသည်။ သို့သော် ၎င်းတို့က သိန်း ၆၀၀ အထက် လျော်ကြေးငွေ (သို့မဟုတ် )ကျေးရွာအတွင်း ခြံမြေများ ပြန်လည်ဝယ်ပေးရန် တောင်းဆို ကြသည်။ ဦးဖြူသီးခိုင်မှာ မြေဧက ၀.၇၀ပိုင်ဆိုင်ပြီး  ဦးတာနီမှာ မြေ ၀.၉၅ ဧက ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

အဆိုပါ နှစ်ဦးမှာ အစိုးရပေးသော လျော်ကြေးငွေကို လက်မခံသောကြောင့် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၅ ဖြင့် ထောင်ဒဏ် ၆ လကျခံခဲ့သည်။ သူတို့သည် စက်တင်ဘာ ၅ ရက်နေ့က ထောင်ဒဏ်ကျခံရာမှ လွတ်မြောက် လာသူများဖြစ်ကြသည်။

အစိုးပေးသော လျော်ကြေးငွေမှာ အိုးအိမ်ထူထောင်ရန် လုံလောက်မှုမရှိသောကြောင့် လက်မခံခြင်းဟု ဆိုကြသည်။