အောင်ကောင်းဇော်၊ သြဂုတ်လ ၂၆

မာန်အောင်မြို့နယ်အတွင်း လျှပ်စစ်မီး ၂၄ နာရီ ဖြန့်ဖြူးပေးဝေနိုင်ရေးအတွက် ဆိုလာစက်ရုံ တည်ဆောက်ရန်အတွက် မြေနေရာကို Posco Daewoo ကုမ္ပဏီ တာဝန်ရှိသူများမှ သြဂုတ်လ ၂၄ ရက်နေ့က လာရောက်ကြည့်ရှု့ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ စက်ရုံကို မာန်အောင်မြို့ ခအုန်းမော် အုပ်စု ခအုန်းမော်ကျေးရွာ ကမ်းခြေအနီးရှိ မြေနေရာတွင် တည်ဆောက်ရန်အတွက် Posco Daewoo ကုမ္ပဏီ မှ တာဝန်ရှိသူများနှင့် ကျောက်ဖြူခရိုင် လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး အကြမ်းအားဖြင့် ဆိုလာစက်ရုံကို တည်ဆောက်ရန် လာမည့် နိုဝင်ဘာလတွင် စတင်တည်ဆောက်ပြီး ၂၀၁၉ မတ်လတွင် လျှပ်စစ်မီးပေးနိုင်ရန် သတ်မှတ်ထားကြောင်း မာန်အောင်မြို့နယ်မီးမှူး ဦးအောင်နိုင်စိုးက ပြောသည်။

" ဒီလာမဲ့ နိုဝင်ဘာလမှာ စတင်ကာ တည်ဆောက်မယ်။ မီးကိုတော့ ၂၀၁၉ မတ်လမှာ စတင်ပေးနိုင်မယ်။ မြို့ပေါ် ၅ ရပ်ကွက်နဲ့ ကုန်းတန်းကျေးရွာ မြောက်ပိုင်းလောက်ပေါ့။ နောက်ပေးမဲ့ ရွာတွေဘက်ကို ဘယ်လောက်ကို ပေးမယ်ဆိုတာတော့ မသိသေးဘူးဟု။ " ပြောသည်။

မာန်အောင်မြို့နယ်သည် မိုးအများဆုံးဒေသတစ်ခုဖြစ်သည့်အတွက် အဆိုပါ ဆိုလာစက်ရုံတည်ဆောက် နိုင်ရန် မိုးရာသီအမြင့်ဆုံး အပူချိန်နှင့် နွေရာသီအမြင့်ဆုံး အပူချိန်တိုင်း ကရိယာကို မတ်လမှ စတင်ကာ (၂ ) လတိတိ တပ်ဆင်ပြီး တိုင်းတာ ရရှိသောအပူချိန်များကို စစ်ဆဲလျှက်ရှိသည်ဟု သိရသည်။

ယခုအခါ ပြည်နယ်အစိုးရ၏ ဘတ်ဂျက်ငွေးဖြင့် ရွာပေါင်း ရွာပေါင်း ၅၀ ကို မီးကြိုးသွယ်တန်းထားပြီးပြီ ဖြစ်သော်လည်း လျှပ်စစ်မီးရရှိမှုမှာ မြို့ပေါ် ၅ ရပ်ကွက်နှင့် ကုန်းတန်းကျေးရွာ မြောက်ပိုင်းတို့တွင် တစ်ရက်လျှင် ၆ နာရီသာ ပေးထားနိုင်သေးသည်ဟု သိရသည်။

မာန်အောင်မြို့နယ်တွင်းရှိ ကျေးရွာများတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် မီးလင်းနေကြပြီး ဆိုလာဖြင့် ၂၄ နာရီ မီးရရှိရေးအတွက်ကို ဒေသခံများအနေဖြင့် အထူးလိုလားနေကြကြောင်း သိရသည်။

Author: အောင်ကောင်းဇော်