ခိုင်ရိုးလ၊ DMG

အောက်တိုဘာ ၃၁၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အုန်းဆီနှင့် တခြားလူသုံးကုန် စက်စပ်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းစက်ရုံတည်ဆောက်ရန် စီစဉ်နေကြောင်း ရခိုင် ပြည်နယ်ရင်းနှီးမြုပ်နှံမှု ဦးစီးဋ္ဌာ ညွှန်ကြာရေးမှူးထံမှ သိရသည်။

အဆိုပါ စက်ရုံလုပ်ငန်းကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုတွင် ဒေသခံတွေပူးပေါင်းပါဝင်လာစေရန် ဆိုတဲ့ရည်ရွယ်ချက်များနှင့် တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ကာ စက်ရုံတည်ဆောက်ရန် အကောင်ထည်ဖော်နေပြီဖြစ်ကြောင်း သိရသည်။

“ ဒီစက်ရုံလုပ်ငန်းအတွက် ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုကော်မတီကနေ ခွင့်ပြုချက်ပေးခဲ့ပြီဖြစ်ပါတယ်။ အခုအချိန်မှာ သူတို့စက်ရုံဆောက်ဖို့ စတင်အကောင်ဖော်နေပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲဒီကုမ္ပဏီကို မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူဖြစ်ပါတယ် ” ဟု ရခိုင်ပြည်နယ် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီများဦးစီးဋ္ဌာန ညွှန်ကြားရေမှူး ဒေါက်တာထူးမင်းသိမ်းကပြောသည်။

အဆိုပါ လုပ်ငန်းတွင် မာန်အောင်ကျွန်းမှ အုန်းသီးများကို ဝယ်ယူကာ အုန်းဆီသန့်အပါဝင် ဆက်စပ် လူသုံးကုန် ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများ ပါဝင်မည်ဟုလည်း ၄င်းက ဆိုသည်။

“ မာန်အောင်ကျွန်းမှာရှိတဲ့ အုန်းသီးကနေပြီးတော့ အခြေခံလူသုံးကုန်ဖြစ်တဲ့ အုန်းဆီသန့်အပါဝင် တခြားကုန် ပစ္စည်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်းတစ်ခုပါ။ ဒီလုပ်ငန်းကနေပြီးတော့ ဒေသခံလူထုအကျိုးမြတ်ရရှိဖို့နဲ့ သူတို့ရဲ့ စက်ရုံလုပ်ငန်းတွေကတော့ မာန်အောင်ကျွန်းမှာ လုပ်ငန်းအရလိုအပ်မယ့် အုန်းသီးတွေကို စနစ်တကျ  ဒေသခံ တွေကို ရရှိနိုင်အောင် အုန်းသီးမျိုးစေ့တွေကို စိုက်ပျိုပေးသွားမှာဖြစ်ပါတယ် ” ဟု ဒေါက်တာထူးမင်းသိမ်းက ပြောသည်။

ယခုလုပ်ကိုင်မည့် အုန်းဆီစက်ရုံမှာ ရန်ကုန်တွင်အခြေစိုက်လုပ်ကိုင်နေပြီး အောင်မြင်မှုရရှိနေသည့်အတွက် ယခု ရခိုင်ပြည်နယ်တွင် ထပ်ပြီး တိုးချဲ့ရင်းနှီးမြှုပ်နှံ တည်ဆောက်နေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများ စက်မှုလက်မှုလုပ်ငန်းများ လိုအပ်နေသည်လည်း ဖြစ်သည်။ ယခုစက်ရုံတည်ဆောက်မည့် မာန်အောင်မြို့နယ်သည် ရခိုင်ပြည်နယ်တွင် သီးခြားကျွန်းတစ်ခုအဖြစ် တည်ရှိနေကာ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးနောက်ကျနေသော နေရာလည်းဖြစ်သည်။