
ဒီဇင်ဘာလ ၁၀၊ ၂၀၁၈ ခုနှစ်၊ အောင်ကောင်းဇော် / DMG
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် မီးရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် ၂၄ နာရီ မီးပေးနိုင်ရန် အစိုးရ စီစဉ်နေသည်။
နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံကို ခအုန်းမော် ကမ်းခြေ တွင် POSCO DAEWOO ကုမ္မဏီ မှ တာဝန် ယူဆောင်ရွက်မည်ဖြစ်သည်။ ၂၀၁၉ မတ်လ တွင် ခအုန်းမော် ကျေးရွာ အုပ်စု နှင့် မြို့ပေါ် ၅ ရပ်ကွက်ကို ဆောင်ရွက်မည်။ ဒုတိယ အဆင့်အနေနှင့် ၂၀၂၀ ခုနှစ်တွင် မီးကြိုးသွယ်တန်း ပြီးစီးထားသော အုပ်စု ၁၂ ခုမှ ကျေးရွာ ၅၇ နှင့် တတိယအဆင့် အနေနှင့် မြို့နယ် ကျေးရွာ ၁၃၇ ရွာတို့ကို လျှပ်စစ်မီး ဖြန့်ဖြူးပေးသွားမည်ဟု သိရသည်။
“ကျနော်တို့ မာန်အောင်မြို့နယ်တစ်ခုလုံးကို ဆိုလာစနစ်နှင့် ၂၄ နာရီမီးရရှိရေးအတွက် အပိုင်း ၃ပိုင်း ခွဲခြားပြီးပြုလုပ်သွားဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်” ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။
မာန်အောင်မြို့နယ်တွင် ကျေးရွာ ၁၃၇ ရွာ၊ မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်ရှိပြီး အိမ်ထောင်စု ၁၃၇၉၀ စု ရှိရာ လျှပ်စစ်မီးပေးနိုင်ရန် ပထမအဆင့်တွင် အိမ်ထောင်စု ၁၀၀၂ စု၊ ဒုတိယအဆင့်တွင် အိမ်ထောင်စု ၄၉၃၈ စုနှင့် တတိယအဆင့်တွင် အိမ်ထောင်စု ၇၈၅၀ စု စသည်ဖြင့် အဆင့်လိုက်စီမံလုပ်ဆောင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
စက်ရုံတည်ဆောက်ရေးအတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာလ (၈) ရက်နေ့က ပြုလုပ်ခဲ့ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၊ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ တက်ရောက်ခဲ့ကြသည်။




