
အောင်ကောင်းဇော် / DMG
မတ်လ ၃၀ ရက် ၊ ၂၀၁၈ ခုနှစ် ။ ။ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ပေါ်ရှိ ရပ်ကွက် ၅ ခုအား ဆိုလာစနစ်ဖြင့် ၂၄ နာရီမီးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မာန်အောင်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြို့သစ်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ရန်အောင်မြင်ရပ်ကွက်၊ အနောက်အုပ်စုရပ်ကွက်နှင့် ကမ်းနားရပ်ကွက်တို့အား ဆိုလာစနစ်ဖြင့် ၂၄ နာရီမီးရရှိရန် ပြည်နယ်အစိုးရနှင့် Dawoo ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိမှာ မာန်အောင်မြို့နယ် ခအုန်းမော်ကျေးရွာကမ်းခြေရှိ မြို့ပိုင်မြေ ဧက ၂၀၀ ကျော်မှာ ဆိုလာပြားများထားရှိမည့် စက်ရုံတစ်ခုတည်ဆောက်ရန်အတွက် မြေ ၁၂ ဧကကို တောင်းခံထားကြောင်းနှင့် စက်ရုံတည်ဆောက်မည့်အချိန်မှာ ၃ လ ခန့် ကြာမြင့်နိုင်သည်ဟု မာန်အောင်မြို့နယ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူရေးဌာနမှ မီးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
“၂၀၁၈ -၂၀၁၉ ထဲမှာ ဆောက်မယ်ထင်တယ်၊ အခုတည်ဆောက်မှာက Dawoo ကုမ္ပဏီက မြန်မာနိုင်ငံ တာဝန်ခံအဖြစ်လုပ်မှာ။ ကိုးရီးယားနည်းပညာနဲ့ပါ။ ဆောက်မယ်၊ မဆောက်ဘူးဆိုဒါကိုတော့ ကျနော့်အနေနဲ့ အတိအကျတော့ ပြောမရသေးဘူး။ ဒီလကုန်ရင်တော့ ပြည်နယ်က အတိအကျအကြောင်းပြန်ဖို့ရှိတယ်” ဟု ပြောသည်။
လတ်တလောတွင် မီးလင်းရေးကော်မတီနှင့် အစိုးရတို့ပူးပေါင်းကာ မာန်အောင်မြို့ပေါ်ရှိ ရပ်ကွက် ၅ ခုနှင့် ကုန်တန်းကျေးရွာမြောက်ပိုင်းတို့ကို ၅၀၀ KB မီးစက်ဖြင့် တစ်နေ့ ၆ နာရီ သတ်မှတ်ပြီး မီးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မီးစက်မှဖြန့်ဖြူပေးသည့် မီးသုံးစွဲခမှာ ၂၀ ယူနစ်အထက်ကို ငွေကျပ် ၄၀၀ နှုန်းနှင့် ၂၀ ယူနစ်အောက်ရှိ လုပ်ငန်းသုံး၊ အိမ်သုံးများကို တစ်ယူနစ်တွင် ၃၅ ကျပ်မှ ၇၅ ကျပ်ထိ မီးသုံးစွဲခပေးရသည်ဟု သိရသည်။
“ဆိုလာစနစ်နဲ့ မီးပေးမယ်ဆိုရင်တော့ ကောင်းပါတယ်။ အခုလောလောဆယ်တော့ ကျနော်တို့အနေနဲ့ အခြားကျေးရွာတွေကို မီးပေးနိုင်ဖို့ အစီအစဉ်မရှိသေးဘူး။ ဆိုလာစနစ်နဲ့ဆိုတော့ တဖြည်းဖြည်းတိုးချဲ့ရလာနိုင်မယ်။ ဒါပေမဲ့ ဒီမှာက မိုးရာသီဆိုရင် မိုးရေချိန်များတဲ့အတွက် ဆိုလာနဲ့ ရနိုင်မယ်မထင်ဘူး။ မိုးရာသီဆိုရင် မီးစက်ကို အသုံးပြုရမယ်ထင်တယ် ” ဟု ဦးအောင်နိုင်ဦးက ပြောသည်။
လက်ရှိအချိန်တွင် မာန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၈ ရွာတွင် မီးကြိုးသွယ်တန်းမှုများကို ပြည်နယ်အစိုးရအစီအစဉ်ဖြင့် သွယ်တန်းလျက်ရှိပြီး ပြည်သူများအနေဖြင့် ၂၄ နာရီ မီးရရှိရန် လိုလားလျက်ရှိနေကြသည်။




