အောင်ကောင်းဇော် | DMG
စက်တင်ဘာ ၂၅၊ မာန်အောင်
မာန်အောင်မြို့၏ အထင်ကရနေရာဖြစ်သော သာသနာ့နယ်မြေ မြေနီတောင်အနီးရှိ သစ်ပင်များအား ခုတ်လှဲကာ ရောင်းချနေမှုကို ဒေသအာဏာပိုင်များအနေဖြင့် တားမြစ်ပေးရန် လိုအပ်နေပြီ ဖြစ်သည်။
သစ်တောဖုံးလွှမ်းမှု ဧက ၃၀၀ ကျော်ရှိသော မြေနီတောင်သည် သမိုင်းဝင်အထင်ကရ နေရာတစ်ခုဖြစ်ပြီး ယင်းပတ်ဝန်းကျင်ရှိ သစ်ပင်များကို မခုတ်လှဲကြရန် မြေနီတောင် ဂေါပကအဖွဲ့နှင့် ဆရာတော်များက တားမြစ်ခဲ့သည်။
သို့သော် ဒေသခံအချို့က ကိုယ်ကျိုးစီးပွားရေးအတွက် ခုတ်လှဲရောင်းချနေခြင်းကို ဒေသအာဏာပိုင်များက တားမြစ်သင့်သည်ဟု မြေနီတောင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ကိုကျော်မိုးနိုင်က ပြောသည်။
“မြေနီတောင်က သစ်တွေခုတ်နေတာကို ဒေသအာဏာပိုင်တွေ တားမြစ်သင့်တယ်။ ဒါက သာသနာ့နယ်မြေ လည်း ဖြစ်နေတယ်။ အခုက ကိုယ်ကျိုးစီးပွားတစ်ခုကိုပဲ ကြည့်ပြီး အပင်တွေကို ခုတ်လဲရောင်းစားနေတာ မကောင်းဘူး။ ဒါက သဘာဝဘေးအန္တရာယ်ကိုလည်း တားဆီးကာကွယ်ရာရောက်တယ်။ အခုလို သစ်တွေ ခုတ်နေတယ် ဆိုတာကို မြို့နယ် အုပ်ချုပ်ရေးမှူးကိုလည်း ကျနော်တို့တွေ တင်ပြထားပြီးပြီ ။ဘာမှ လုပ်တာ တော့ မတွေ့ရသေးဘူး ။ခုတ်နေဆဲပဲ” ဟု ၎င်းကဆိုသည်။
ယခုကဲ့သို့ သစ်ပင်ခုတ်လှဲနေသည့် ဒေသခံများ လာရောက်တိုင်ကြားခြင်းမရှိသေးသောကြောင့် သစ်ပင် ခုတ်ယူနေမှုကို မသိရှိဟု မာန်အောင်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူး ဦးထွန်းထွန်းဦးက ပြောသည်။
“ကျနော်တို့ကိုတော့ ဒေသခံတွေက လာရောက်အကြောင်းကြားတာတော့ မရှိသေးဘူး ။အရင်တုန်းကတော့ ဒီနယ်မြေကို မခုတ်ဖို့ တားမြစ်ထားကြတယ် လို့သိရတယ်။ တိုင်ကြားလို့ရှိရင်တော့ သစ်တောဥပဒေအရ အရေးယူမယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ မြေနီတောင်အနီးရှိ သစ်တောများကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်အတွက် သဘာဝ ဘေးမဲ့တောအဖြစ် ပြုလုပ်ရန်နှင့် သာသနာ့နယ်မြေအဖြစ် ပြုပြင်ပြောင်းလဲရန် ဒေသခံ အဖွဲ့အစည်းများက အစိုးရကို တင်ပြတောင်းဆိုမှုများရှိနေသည်။




