
မေလ ၂၂ ရက်၊ ၂၀၁၇ ခုနှစ်၊ မောင်တော (DMG) ။ ။ မောင်တောမြို့နယ် ၃ မိုင်(သာစည်)ကျေးရွာက ရခိုင်လူငယ် ၂ ဦး မနေ့ညနေက ပျောက်ဆုံးနေမှုကို မြို့မရဲစခန်းနှင့် ဝေသာလီကျေးရွာအုပ်ချုပ်ရေးမှူးတို့က မနေ့ညကပင် ပြန့်တွေ့ပြီ၊ မိသားစုများနှင့်အတူရှိသည်ဟု သတင်းထုတ်ပြန်သော်လည်း လက်ရှိမှာ မိသားစုနှင့် မတွေ့ရသေးကြောင်း၊ ဖုန်းဖြင့်သာ အဆက်အသွယ်ရခြင်းဖြစ်ကြောင်း မိဘဖြစ်သူတို့က DMG ကို ပြောဆိုကြသည်။
DMG က ဆက်လက်စုံစမ်းရာ ယင်းလူငယ် ၂ ဦးသည် မူးယစ်ဆေးဝါးနှင့် ပတ်သတ်မှုရှိနေသောကြောင့် မိသားစုကို ဖုန်းဖြင့်သာ အဆက်အသွယ်လုပ်ပြီး ရှောင်နေခြင်းဖြစ်ကြောင်း ခိုင်လုံသော သတင်းရင်းမြစ်မှ DMG သို့ ပြောဆိုသည်။
“ ဒီကလေးနှစ်ဦးကို တွေ့ရင် မူးယစ်ဆေးလုပ်ကိုင်တဲ့ ခောင်းဆောင်ကို ဖမ်းမိမှာဖြစ်တဲ့အတွက် ခုလိုဓါးစာခံအဖြစ် ခေါ်ယူတာလို့ယူဆပါတယ်။ သူတို့ မိဘတွေကိုလည်း ဆက်သွယ်တာက သူတို့ဖုန်းနဲ့ မဟုတ်ဘူး။ ခြိမ်းခြောက်ဆက်ခိုင်းတာ ဖြစ်နိုင်တယ်။ မိဘတွေလည်း အရမ်းစိုးရိမ်နေရကြတယ်။ ” ဟု အမည်မဖော်လိုသည့် ခိုင်လုံသော သတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ (မေလ ၂၁) ညနေပိုင်းက ပျောက်ဆုံးနေသည့် လူငယ်နှစ်ဦးအား ညောင်ချောင်းရွာနှင့် မြို့သူကြီးရွာတို့မှ ဘင်္ဂလီများ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ည ၉ နာရီခွဲခန့်မှာ ဖုန်းအဆက်အသွယ်ရခဲ့ကြောင်း၊ ပြန်လည်ခေါ်ဖုန်းခေါ်သော်လည်း အဆက်အသွယ်မရရှိတော့ကြောင်း ညီချေခေါ်၊ ထွန်းနိုင်လင်း (၁၉) နှစ်၏ မိခင်ဒေါ်လှမြိုင်က ပြောဆိုသည်။
ယင်းလူငယ်နှစ်ဦးကို ပြန့်တွေ့ပြီဟု မောင်တောမြို့မစခန်းမှူး ဦးကျော်အေးလှိုင်နှင့် ဝေသာလီ အုပ်ချုပ်ရေးမှူး ဦးမဲသာလုံးတို့က ယမန်နေ့ကတည်းကပင် ပြန်တွေ့ပြီဖြစ်ကြောင်း၊ မိသားစုနှင့်အတူတူ ဗောဓိကုန်းကျေးရွာမှာရှိကြောင်း ယနေ့နံနက်ပိုင်းက DMG သို့ အတည်ပြုပြောကြားသည်။
“ သူတို့နဲ့ အဆက်အသွယ်ရပါပြီ။ မိဘတွေနဲ့လည်း အဆက်အသွယ်ရှိပါတယ်။ လုံခြုံမှုရှိပါတယ်။ ရခိုင်ရွာမှာရောက်နေတာပါ။ သူတို့ကကြောက်လန့်ပြီးထွက်ပြေးတာပါ။ ” ဟုဆိုသည်။
လောက်လန့်ထွက်ပြေးရခြင်းအကြောင်းနဲ့ ပတ်သတ်ပြီး မောင်တောမြို့မ ရဲစခန်းအား ဆက်လက်မေးမြန်းရာ ဖြေကြားမှုမရှိခဲ့ပါ။ ညီချေခေါ် ထွန်းနိုင်လင်းနှင့်အတူ သက်တိုင်းရင်းသား ကျော်သန်းဝန်း (၁၉) နှစ် (ဘ) ဦးမောင်စာဦးဖြစ်ပြီး လက်ရှိအချိန်တွင် ရခိုင်လူမှုအသိုင်း အ၀ိုင်းမှလည်း ဖြစ်စဉ်နှင့်ပတ်သတ်ပြီး ပြတ်သားစွာမသိရှိရသည့်အပြင် Facebook လူမှုကွန်ယက်စာမျက်နှာများတွင်လည်း တွေ့ရှိပြီ၊ မတွေရှိရသေး စသဖြင့် သတင်းများပြန့်နှံ့ လျှက်ရှိသည်။




