စိမ်းကိုကို / DMG
ဇွန်လ ၃၀ ရက်၊ ၂၀၁၈ ခုနှစ်။ ။ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ပြည်နယ်နှင့် မိမိတို့လူမျိုးမှာ အလွန်စိုးရိမ်စရာကောင်းသော စိန်ခေါ်မှုများကြားတွင် ရောက်ရှိနေသည်ကို အမြဲသတိထားပြီး စည်းစည်းလုံးလုံးနှင့် ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဇွန်လ ၂၉ ရက် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးအပြီးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ကိုယ်စားလှယ်များကို ပြောဆိုခဲ့သည်။
“ ငါတို့ပြည်နယ် ငါတို့လူမျိုးဟာ အလွန်စိုးရိမ်စရာကောင်းတဲ့ စိန်ခေါ်မှုတွေကြားမှာ ရောက်နေပါလား ဆိုတာကို အမြဲသတိထားပြီး ညှိညှိနှိုင်းနှိုင်း စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်ကြပါ ” ဟုပြောသည်။
မိမိတို့မှာ ပြည်သူများရွေးချယ်တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်သည့်အတွက် ပြည်သူများက မျက်ခြေမပြတ်စောင့်ကြည့်နေကြပြီး ဝေဖန်ထောက်ပြနေကြမည်ဖြစ်ကာ ပြည်သူများ၏ ဝေဖန်ထောက်ပြမှုကိုလည်း လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥပေက္ခာမပြုကြရန် လိုအပ်ကြောင်း ဆိုသည်။
“ ပြည်သူတွေဟာ ကျွန်တော်တို့ကို မျက်ခြေမပြတ် စောင့်ကြည့်နေကြလိမ့်မယ်။ ဝေဖန်ထောက်ပြနေကြလိမ့်မယ်။ ဒီလိုပြည်သူတွေ ဝေဖန်ထောက်ပြမှုတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ဥပေက္ခာမပြုကြပါနဲ့၊ သဘောထားကြီးစွာ ခံယူပါ။ ပြည်သူတွေရဲ့ ထောက်ပြဝေဖန်တွေကို လိုက်နာဆောင်ရွက်ပေးကြပါ ” ဟု ဦးစံကျော်လှက ပြောသည်။
အစိုးရအဖွဲ့နှင့် လွှတ်တော်ကြား တစ်ခုနှင့်တစ်ခု အပြန်အလှန်ထိန်းကျောင်းကြရာတွင် မိမိတို့ကို ထိန်းကျောင်းရမည်လားဆိုသည့် အငြိုးအာဃာတတရားများ မထားကြရန်နှင့် သဘောထားကြီးရန် အထူးလိုအပ်ကြောင်းလည်း ပြောဆိုခဲ့သည်။




