
(စစ်တွေမြို့နယ် မင်းဂံရပ်ကွက် အမှတ် (၁၄)မှ မိုရာမုန်တိုင်းကြောင့် နေအိမ်ပျက်စီးသွားသည့် မိသားစုတစ်စုအားတွေ့ရစဉ်။ ဓါတ်ပုံ - သားသျှေလေး/DMG)
မေလ ၃၀ ရက်၊ ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည် (DMG) ။ ။ ဆိုင်ကလုန်း မုန်တိုင်း “မိုရာ” တိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အများအပြားတွင် ပျက်စီးဆုံးရှုံးမှု လွန်စွာအများပြားရှိခဲ့ပြီး အကူအညီများလိုအပ်လျက်ရှိနေပြီး အစိုးရကူညီကယ်ဆယ်ရေး လုပ်ငန်းများကို မေလ ၃၁ ရက်နေ့တွင် စတင်ဆောင်ရွက်သွားမည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက DMG ကို ပြောဆိုသည်။
အဆိုပါ မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မောင်တော၊ ဘူးသီးတောင်နှင့် တခြားမြို့နယ်များတွင် နေအိမ်များ လုံးဝပျက်စီးခြင်း၊ နေအိမ်ခေါင်မိုလန်ခြင်း၊ စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အဦးများပျက်စီးခြင်း၊ တံတားများပျက်စီးခြင်း၊ တာမတံများကျိုးပေါက်ပျက်စီးသွားခဲ့ခြင်း များရှိသည်။
“မနက်ဖြန်မှာ ကျနော့်တို့ဆီက ပြည်ထောင်စု ဝန်ကြီးလည်း သွားဖို့စီစဉ်နေတယ်။စလို့ ကူညီမှာပေါ့နော်။စလို့ကူညီနေတာကတော့ ကျနော့်တို့ အောက်မှာရှိတဲ့ ပြည်နယ်မှူးက သူတို့ လုပ်စရာ ရှိတာတွေကို လုပ်နေပြီ။အကူအညီပေးမှာက ကျနော်တို့ သတ်မှတ်ထားတာတွေ ရှိတယ်။ ပျက်စီးမှုအပေါ်မူတည်ပြီး အိမ်အမိုးလန်ရင် ပမာဏတစ်ခုပေါ့။အိမ်အားလုံးပျက်စီးရင် ပမာဏတစ်ခုပေါ့။အိမ်အမျိုးအစားအပေါ် မူတည်ပြီး ပေးမှာ။ကျနော်တို့ ရှိသမျှမြို့နယ်တွေကိုတော့ လူကိုယ်တိုင် ရောက်ချင်မှ ရောက်မယ်။ဒါပေမယ့် ကယ်ဆယ်ရေးပစ္စည်းတွေတော့ ရောက်မှာပါ။ ”ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ရခိုင်ပြည်နယ်အတွင်းတွင် မိုရာမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးများအများအပြားရှိခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှု စာရင်းအတိအကျကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထုတ်ပြန်ထားနိုင်ခြင်း မရှိသေးပေ။
“ပျက်စီးဆုံးရှုံးမှု အတိအကျ မရသေးဘူး။ အခုဖြစ်တာက သိပ်ကျယ်ပြန့်တယ်။ ဘူးသီးတောင်၊ မောင်တော၊ပုဏ္ဏားကျွန်း မြောက်ပိုင်းဒေသတစ်ခွင်ကတော့ ပျက်စီးဆုံးရှုံးမှုက နည်းတာနဲ့ များတာပဲ ကွာမယ်။ ဒါနဲ့ ပတ်သတ်ပြီး စာရင်းအတိအကျ လုပ်မယ်ဆိုတာ အစိုးရအနေနဲ့ သော်လည်းကောင်း ၊ လူမှုရေးအဖွဲ့အစည်းအနေနဲ့ သော်လည်းကောင်း ဒီတစ်ရက်နှစ်ရက်အတွင်းမှာ မရနိုင်ဘူး။ ” ဝံလက်ဖောင်းဒေးရှင်းမှ စာရေးဆရာ ဝေဟင်အောင်ကပြောဆိုသည်။
ရခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း မိုရာ မုန်တိုင်းသည် ယနေ့ (မေလ ၃၀ ရက်နေ့) ၊နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ဖက်ကမ်းခြေကို စစ်တကောင်းမြို့၏ မြောက်ဖက်မှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်တည်ရှိနေကြောင်းနှင့် မုန်တိုင်း၏ ခရုပတ်တိမ် တန်း တစ်ခုမှာ ရခိုင်မြောက်ပိုင်းနှင့်ချင်းပြည်နယ်တို့မှာ ဖြတ်သန်းရှိနေသည့်အတွက် ယင်းဒေသများမှာ လေတိုက်ခတ်မှုများနှင့် နေရာအနှံ့အပြား မိုးရွာသွန်းမှုများ ဆက်လက်ကြုံတွေ့နိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ထုတ်ပြန်ထားသည်။





