(စစ်တွေမြို့ ဆတ်ရိုးကျချောင်းထဲတွင် ရပ်နားထားသော အမြန်ယာဉ်များ ၊ ဓာတ်ပုံ - DMG)

မေလ ၂၉၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG)။       “မိုရာ”(Mora) ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင့်ကမ်းရိုးတမ်းပြေးဆွဲနေသည့် သင်္ဘောများအား ခရီးစဉ်ပြေးဆွဲခွင့်ကို ပိတ်ပင်ထားကြောင်း ရခိုင်ပြည်နယ် ပြည်တွင်းရေးကြောင်းပို့ဆောင်ရေး ပြည်နယ်ညွှန်ကြားရေးမှူး ဦးထိန်ကျော်မှ DMG ကို ပြောဆိုသည်။

“ ကျနော်တို့ အနေနဲ့ ဒီနေ့ မေလ ၂၉ ရက်နေ့ကနေစပြီးတော့ ခရီးစဉ်တွေမပြေးဆွဲဖို့ ညွန်ကြားထားပါတယ်။ မုန်တိုင်း အစိမ်းရောင်အဆင့်ပြောင်းလဲပြီး တည်ငြိမ်ပြီးချိန်မှ ပြေးဆွဲခိုင်းမှာပါ ” ဟု ဆိုသည်။

ယနေ့ မေလ ၂၉ ရက်နေ့မှာ စစ်တွေ - ဘူးသီးတောင်၊ စစ်တွေ - မြောက်ဦးခရီးစဉ်များ ပြေးဆွဲမှုရှိခဲ့ကြောင်းလည်း ညွှန်ကြားရေးမှူးမှ ပြောဆိုသည်။

“ ကျနော်တို့အနေနဲ့ ချောင်းတွင်း မြစ်တွင်းကို ခရီးမထွက်စေချင်ဘူး။ မုန်တိုင်းအခြေအနေက အမျိုးမျိုးပြောင်းလဲနေတာ။ ဒီလို မိုးဦးကျလေဦးကျမှာ မြစ်ချောင်းအင်းအိုင်ကို သတိဝိရီယနဲ့ ထွက်ဖို့ သတိပေးချက်တွေကို နားစွင့်ဖို့လိုအပ်ပါတယ် ” ဟု ဦးထိန်ကျော်မှ ပြောဆိုသည်။

ရခိုင်ကမ်းရိုးတမ်းခရီးစဉ်ပြေးဆွဲနေသည့် မလိခ အမြန်ယဉ်အနေဖြင့်လည်း ယနေ့ မေလ ၂၉ ရက်နေ့မှ စတင်ကာ ခရီးစဉ်ပြေးဆွဲမှုကို ရပ်ဆိုင်းထားကြောင်း တာဝန်ခံ ဦးခင်မောင်သိန်းမှ DMG ကို ပြောသည်။

“ ကျနော်တို့ ဒီနေ့က စပြီးတော့ ဘယ်ခရီးစဉ်မှ မပြေးဆွဲတော့ဘူး။ အားလုံးရပ်နားထားတယ်။ ညွှန်လည်း ညွှန်ကြားထားတယ်။ ဘယ်နေ့အထိဆိုတာတော့ ပြောမရဘူး။ ရာသီဥတု ကောင်းမွန်ပြီး ပြေးဆွဲခွင့်ရမှ ပြေးဆွဲသွားမှာပါ ” ဟု ဆိုသည်။

“မိုရာ”(Mora)ခေါ် ဆိုင်ကလုန်းမုန်တိုင်းမှာ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေပြီး (၂၄) နာရီအတွင်း  စစ်တွေ၊ ကျောက်ဖြူ အနောက်တောင်ဘက် မိုင် (၂၀၀) ခန့် ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး တစ်နာရီမိုင် (၄၀ မှ ၅၀) အထိတိုက်ခတ်နိုင်ပြီး ပင်လယ်ပြင်ရေ (၁၀ ပေမှ ၁၂ ပေ)ထိ မြင့်တက်လာနိုင်ကြောင်း မိုးလေ၀ါသနှင့် ဇလဗေဒ ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Author: သားသျှေလေး