(မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကားလမ်းများရေကျော်နေ၍ ကားများပိတ်မိနေစဉ်။ ဓါတ်ပုံ - စိမ်းကိုကို၊ DMG

ဇူလိုင်လ(၂၅)ရက်၊ ၂၀၁၈ ခုနှစ်၊ စိမ်းကိုကို/DMG

ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းနေသဖြင့် ရန်ကုန်-စစ်တွေကားလမ်းပိုင်း အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာအနီးမိုင်တိုင်အမှတ် ၁၇/၂ မှ ၁၇/ ၅ အထိ ကားလမ်းပိုင်းကို ရေကျော်ဝင်ရောက်ကာ ခရီးသည်နှင့် ကုန်တင်ယဉ်များ ဖြတ်သန်းသွားလာ၍မရတော့ပဲ ပိတ်မိလျှက်ရှိကြောင်း သိရသည်။

 အဆိုပါ ကားလမ်းပိုင်းမှာ ဇူလိုင်လ ၂၅ ရက်နေ့ နေ့လည် ပိုင်းမှစတင်ပြီး ကားလမ်းပေါ်မှာ ရေ ၄ ပေကျော်ခန့်မြင့်တက်လာဖြင့် ယာဉ်များမှာသွားလာ၍မရဖြစ်နေကြောင်း မျိုးချစ်သူခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းမှ ယဉ်မောင်းဖြစ်သူ ဦးနိုင်နိုင်ကပြောသည်။

 “ရေကရင်လောက်ကိုရှိတယ်။ လက်ရှိတော့ရေကနည်းနည်းကျပြီး၊ မိုးကတော့ ဆက်ရွာနေသေးတယ်။ ကျွန်တော့်အအထင်တော့ ညနေလောက်ဖြတ်လို့ရမယ်ထင်။ ကားတွေကတော့ ရှေ့ရောနောက်ရှောဆိုရင် အစီးတစ်ရာနီးပါးရှိမယ်” ဟု ဦးနိုင်နိုင်ကပြောသည်။

 ယင်းအပြင် အမ်း-တပ်တောင်ကားလမ်းပိုင်းရှိ ဂေလောင်းကျေးရွာအနီးတွင်လည်း ဇူလိုင်လ ၂၄ ရက်နေ့ကစတင်ကာ ကားလမ်းရေကျော်ဝင်ရောက်နေသဖြင့် ခရီးသည်နှင့်ကုန်တင်ယာဉ်များဖြတ်သန်း၍ မရဖြစ်နေကြောင်းလည်းသိရသည်။

 ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းသဖြင့် တောင်ကုတ်၊ဘူးသီးတောင်၊မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းရိုးရှိ ကျေးရွာများမှာ ရေဝင်ရောက်လျှက်ရှိပြီး မြောက်ဦးမြို့ ညောင်ပင်ဈေးရပ်ကွက် တွင်လည်း မိုးရွာသဖြင့် တောင်ပြိုကျကာ လူနေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်းသိရသည်။