ဇွန်လ ၆ ရက်၊ ၂၀၁၇ ခုနှစ်၊ ရန်ကုန် (DMG) ။    ။   မီဒီယာသမားများကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်တရားစွဲဆို ဖမ်းဆီးမှုများကို ဆန့်ကျင်သောအားဖြင့် လက်ပတ်ဖြူလှုပ်ရှားမှုကို ဇွန်လ ၈ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ရန်ကုန်မြို့က သတင်းသမားများက ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

 

အစိုးရ၊ တပ်မတော်နှင့် အာဏာပိုင်အဖွဲ့အစည်းများက The Voice အပါအ၀င် မီဒီယာများကို ၆၆ (ဃ) ဖြင့် အမှုဖွင့်တရားစွဲဆို ဖမ်းဆီးမှုများနှင့်ပတ်သက်၍ ရန်ကုန်မြို့မှ သတင်းသမားများက ဇွန်လ ၆ ရက်နေ့က ယခုလိုလှုပ်ရှားမှုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

" ဒီလှုပ်ရှားမှုတစ်ခုတည်းနဲ့ရပ်သွားမှာ မဟုတ်ဘူး နောက်ထပ် တခြားလူမှုကွန်ယက်တွေနဲ့ ချိတ်ဆက်ပြီး ဆက်လုပ်မဲ့အရာတွေ ရှိသေးတယ်။ " ဟု သတင်းသမားတစ်ဦးဖြစ်သူ ကိုသာလွန်ဇောင်းထက်ကပြောသည်။

 

သတင်းသမားများအနေဖြင့် သတင်းလိုက်ရာမှာ "သတင်းလွတ်လပ်ခွင့်ရှိရမည်"ဆိုသည့် လက်ပတ်အဖြူကို ဝတ်ဆင်ပြီး လက်ပတ်အဖြူလှုပ်ရှားမှုကို ပြုလုပ်မည်ဖြစ်သည်။

 

ထို့အပြင် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိပါးနေသည့် ၆၆ (ဃ) နှင့် တရားမျှတမှုမရှိသည့် ဥပဒေများကို ဖျက်သိမ်းပြင်ဆင်ရန် အစိုးရ၊ တပ်မတော်နှင့် အာဏာပိုင်အဖွဲ့အစည်းများက ၆၆ (ဃ)ဖြင့် စွဲဆိုထားသည့် အမှုများကို ချက်ချင်းရပ်ဆိုင်းရန်စသော အချက်များကို မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ဇွန်လ ၆ ရက်နေ့ နေ့စွဲဖြင့် တောင်းဆို ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။

 

အဆိုပါ ဥပဒေသည် ယခင်ဦးသိန်းစိန်အစိုးရလက်ထပ်က ရေးဆွဲခဲ့သည့် ဥပဒေတစ်ခုဖြစ်ပြီး ပြည်သူများကန့်ကွက်ခဲ့သော ဥပဒေတစ်ခုလည်းဖြစ်ကာ လက်ရှိအစိုးရလက်ထပ်ထိ တရားစွဲဆိုခံထားရသူ ဦးရေ ၇၀ ဝန်းကျင်ထိဖြစ်လာပြီဖြစ်သည်။

Author: ဝေလင်း