(ပိုးရွှီပြင်မဟာမိတ်လူမှုကူညီရေးအသင်းထံ အလှူငွေများ ပေးအပ်နေစဉ်။)

ဇူလိုင် ၁၆ ရက်၊ ၂၀၁၈ ခုနှစ်၊ ဝံသ(မောင်တော) / DMG

မောင်​​တောမြို့ အ​ရေး​ပေါ်ကူညီ​ထောက်​ပံ့​ရေး​ကော်​မတီမှ ဦးစီးပြီး ၂၀၁၈ ခုနှစ်၊ မေလ ၁၂ ရက်နေ့က ရွာလုံးကျွတ်နီးပါး မီးလောင်သွားခဲ့သည့် မြေပုံမြို့နယ် ဝဘော်ကြီးကျေးရွာနှင့် ဇွန်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ်းပါးပြိုကျပြီး နေအိမ်များပျက်စီးဆုံးရှုံးသွားသည့် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသမှ ရေဘေးသင့်ကျေးရွာများသို့ အလှူငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဇူလိုင်လ(၁၄)ရက်နေ့တွင် ဝဘော်ကြီးကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စုများအတွက် အလှူငွေများ ထောက်ပံ့ပေးခဲ့ပြီး၊ တောင်ဖျားချောင်းအတွင်း ရေဘေးသင့်ကျေးရွာများကို ဇူလိုင်လ (၁၅)ရက်နေ့တွင် ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

" ပထမတော့ ရွာလုံးကျွတ်မီးလောင်သွားတဲ့ ဝဘော်ကြီးကျေးရွာအတွက် ကျွန်တော်တို့ အရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့မှ မတည်ငွေ(၁၀)သိန်းနဲ့ မောင်တောမြို့ပေါ်က စေတနာရှင်ပြည်သူတွေကလည်း အလှူငွေထည့်ဝင်ကြပါတယ်။ နောက်ပြီး မောင်တောမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းက ကျေးရွာအချို့ပါ ပါဝင်လှူဒါန်းနိုင်အောင် ကျွန်တော်တို့က အိတ်ပိတ်သဘောမျိုး အလှူငွေတွေ ကောက်ခံခဲ့ကြပါတယ်။ ကောက်ခံရရှိတဲ့ အလှူငွေစုစုပေါင်းက ၅၃ သိန်းကျော်ပါတယ်။ ” ဟု မောင်တောမြို့ အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအေးသိန်း က ပြောသည်။

ဝဘော်ကြီးကျေးရွာမှ မီးဘေးသင့် အိမ်ထောင်စု ၇၅ စုကို (၅)သောင်းကျစီနှင့် ရွာလမ်းပြုပြင်ရန်အတွက် တစ်သိန်းပေးအပ်လှူဒါန်းပြီး ကျန်ရှိသည့် ငွေများအားလုံးကို ရေတိုက်စားမှုကြောင့် ကမ်းပါးများပြိုကျကာ နေအိမ်များမျောပါပျက်စီးသွားခဲ့သည့် တောဖျားချောင်းမှ ရေဘေးသင့်ပြည်သူများအတွက် ပိုးရွှီပြင်မဟာမိတ်လူမှုကူညီရေးအသင်းထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

Author: ဝံသ(မောင်တော)
Development Media Group