
(လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးမှ ထောက်ပံ့ငွေများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ပေးအပ်နေစဉ်။ ဓါတ်ပုံ - Prof Win Myat Aye)
မေလ ၃၁ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။ ။ ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ ညနေကနေ ၃၀ ရက်နေ့ နံနက်အထိ တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုရာကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ရခိုင်ပြည်နယ်သို့ နိုင်ငံတော်မှ ငွေကျပ် ၃၄၆.၆ သိန်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးမှ ယနေ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ် ထောက်ပံ့ခဲ့ကြောင်း အစိုးရမှ ထုတ်ပြန်ထားသည်။
မိုရာ (Mora) ဆိုင်ကလုန်းမုန်တိုင်း ကြောင့် ရခိုင်ပြည်နယ်ဒေသအချို့တွင် သစ်ပင်များပြိုလဲခြင်း၊ လူနေအိမ်များ ပြိုလဲပျက်ဆီးခြင်း၊ ဆေးရုံ၊ တက္ကသိုလ်နှင့် ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦ များပြိုကျခြင်း၊ အမိုးလန်ခြင်းများဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် စစ်တွေ မြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး၊ စစ်တွေတက္ကသိုလ်၊အမှတ်(၃၆)ရဲတပ်ရင်း၊ ဆတ်ရိုးကျ ရပ်ကွက်၊ ဘောဒူဖနှင့်သဲချောင်းကျေးရွာရှိ နေရပ်စွန့်ခွာနေထိုင်သူစခန်းများ၊ ရွှေပြားရပ်ကွက်၊ ကြီးတောရပ်ကွက်များရှိ လူနေအိမ်များ ပြိုလဲပျက်စီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ပျက်စီးမှုစာရင်းအတိအကျ ရရှိပြီး ရပ်ကွက်များတွင် ပြည်သူများထံသို့ တိုက်ရိုက်ထောက်ပံ့မှု များဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဟာဇေယျသိဒ္ဓိအဓိဌာန်ကျောင်းနှင့် စိတ္တသုခကမ္မဌာန်းတိုက်များတွင် ခေတ္တနေထိုင်လျက်ရှိသော ပြည်သူများကို ကြည့်ရှုအားပေးပြီး လတ်တလော စားသုံးရန်အတွက် (၁)ပါတ်စာ ရိက္ခာဖိုးငွေကိုထောက်ပံ့ပေးအပ်ကာ စစ်တွေ၊မြောက်ဦး၊ ကျောက် ဖြူ၊သံတွဲခရိုင်များရှိမြို့နယ်(၁၁)မြို့နယ်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် အတွက် ငွေကျပ်(၃၄၆.၆)သိန်းကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ ထောက်ပံ့ပေးအပ်ရာ ပြည်နယ် ၀န်ကြီးချုပ်က လက်ခံရယူခဲ့ပြီး မိုရာ ဆိုင်ကလုန်း မုန်တိုင်းကြောင့် မောင်တောဒေသတွင်လည်း ပျက်စီးဆုံးရှုံးမှုများရှိပြီး အမြန်ဆုံး ထောက်ပံ့ပေးနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း ဆိုသည်။
ထို့ပြင် နေရပ်စွန့်ခွာနေထိုင်သူများ၏ စခန်းများတွင်လည်းပျက်စီးမှုများကို စနစ်တကျ စိစစ်လျက်ရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။




