(ဟာရီတောင်မြေပြိုကျမှုကြောင့် နေအိမ်များ ပျက်စီးသွားစဉ်။ ဓါတ်ပုံ - မြောက်ဦးမီးသတ်ဌာန)

ဇူလိုင်လ(၂၅)ရက်၊ ၂၀၁၈ ခုနှစ်၊ ခိုင်ရိုးလ/DMG

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ညောင်ပင်ဈေးရပ်ကွက်မှာ ယနေ့နံနက်ပိုင်က ဟာရီတောင်မြေပြိုကျမှုကြောင့် လူနေအိမ်သုံးလုံးပျက်စီးသွားခဲ့ရကြောင်း သိရသည်။

အဆိုပါနေအိမ်သုံးလုံးမှာ ညောင်ပင်ဈေးရပ်ကွက်၊ ရုံးကြီးလမ်းရှိ ဟာရီတောင်အောက်တွင်တည်ရှိနေပြီး  မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်မြေပြိုကျလာမှုအတွင်း ပါဝင်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ညောင်ပင်ဈေးရပ်ကွက် ရုံးကြီးလမ်းမှာ ဟာရီတောင်ပြိုကျလာတာပါ။ နေအိမ်သုံးလုံးပျက်သွားပါတယ်။ မိုးများစွာရွာသွန်းနေတဲ့အတွက် တောင်မြေတွေအိပြီးတော့ ပြိုကျလာတာပါ။ လူတစ်စုံတစ်ရာ အသေအပျောက်မရှိပါဘူး၊ လက်ရှိမှာတော့ သက်ဆိုင်ရာဌာနတွေနဲ့ ရပ်ကွက်သူ ရပ်ကွက်သားပေါင်းပြီးတော့ သူတို့ကို ဘေးလွတ်ရာနေရာသို့ ပြောင်းရွေ့ထားပါတယ် ” ဟု မြောက်ဦးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်က DMG ကို ပြောသည်။

မြေပြိုရာနေရာများသို့ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ရပ်ကွက်သားများအပါဝင် မြောက်ဦးခရိုင်မီးသတ်တပ်ဖွဲ့မှလည်း ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးလျှက်ရှိသည်။ ပျက်စီးသွားသော နေနေအိမ်များမှာ ဦးထွန်းထွန်း၊ ဒေါ်နုနုအေးနှင့် ဒေါ်ခိုင်ခိုင်တို့နေအိမ်များဖြစ်ကြောင်းလည်းသိရသည်။ ယခုရက်အတွင်းရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် အဝေးပြေးကားလမ်းများတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည်။