မေလ ၂၉ ရက်၊ ၂၀၁၇ ခုနှစ်၊ မောင်တော (DMG) ။   ။  မောင်တောမြို့နယ် တောင်ပိုင်း မောရဝတီကျေးရွာအနီး အသစ်တည်ဆောက်နေသော နယ်ခြားစောင့်ရဲတပ်ရင်း အမှတ် (၄) ပတ်ဝန်းကျင်တွင် မင်္ကာသူ ၃ ဦးအား စစ်ဆေးရာမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကို ဖမ်းမိပြီး ဆက်စပ်ရှာဖွေရာ ကိုင်းကြီးကျေးရွာအုပ်စု ဥက္ကဌ ဦးခင်မောင်သန်း နေအိမ်မှ တူမီးသေနတ် နှစ်လက်ဖမ်းဆီးရမိကြောင်း အဆိုပါရဲတပ်ရင်းထံမှ သိရသည်။

ယနေ့ (မေလ ၂၉) နေ့လည် ၁၂ နာရီ အချိန် နယ်ခြားစောင့်ရဲတပ်ရင်း အမှတ် (၄) အသစ်တည်ဆောက် လျှက်ရှိသောနေရာအနီး လင့်စင်အောက်တွင် အနားယူနေဟန်တူသည့် မသင်္ကာဖွယ် လူ ၃ ဦးအား ဗိုလ်ကြီးတိန်ရင် ဦးစီးအဖွဲ့မှ သွားရောက်စစ်ဆေးရာ wy စာတမ်းပါ ရူးသွပ်ဆေးပြား အထုတ်တစ်ထုတ် နှင့် ဆေးပြား ၂၀၀ ပါဆယ်ထုတ်စည်း ၅ ထုတ် ဆေးပြားစုစုပေါင်း ၁၀၀၀၀(တစ်သောင်း)၊ Super Kanbo CZI ဆိုက်က္ကယ်တစ်စီး၊ လက်ကိုင်ဖုန်းသုံးလုံး ရွှေဆွဲးကြိုး ၁ ကုံး ရွှေလက်စွပ် ၁ ကွင်း၊ နာရီ ၃ လုံး ငွေစက္ကူ ၂၉၀၀၀၀ နှစ်သိန်းကိုးသောင်းတို့အား ရှာဖွေတွေ့ရှိကြောင်းဆို အမှတ် (၄) ရဲတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသည့် တရာခံများမှာ ရန်အောင်ပြင်ကျေးရွာနေ ဌေးလှိုင် (ဘ) ဦးစံထွီး အသက် ၃၈ နှစ်၊ ဝက်ကျိန်းရွာနေ ထွန်းရိုန်(ဘ)ဦးကာဝိုင် အသက် ၃၅ နှစ်၊ ကိုင်းကြီးမြိုရွာနေ သန်းအောင်(ဘ) ဦးကင်ဖော် အသက် ၃၅ နှစ် တို့ဖြစ်ကြောင်း ၄င်းတာဝန်ရှိသူက ဆက်ပြောသည်။

၎င်းတရားခံ ၃ ဦးအား စစ်ဆေးချက်များအရ ကိုင်းကြီးကျေးရွာအုပ်စု ဥက္ကဌ ဦးခင်မောင်သန်းမှ သရေကုန်ဘောင်ရွာရှိ ကုလားလူမျိုးတစ်ဦး လာယူမည်ဖြစ်ပြီး ဖမ်းဆီးရမိသောနေရာတွင် ထိုင်နေကြဖို့ မှာကြားထားကြောင်းနှင့် တစ်ဦးလျှင် ပို့ဆောင်ခ (၁) သိန်းကျဖြင့် ပို့ဆောင်ပေးရကြောင်းထွက်ဆိုရာ ဥက္ကဌ ဦးခင်မောင်သန်းနေအိမ်အား သွားရောက်ရှာဖွေကြရာ တူမီးသေနတ် ၂ လက်အား ၎င်းနေအိမ်တွင် ဖမ်းဆီးရခဲ့ကြောင်းသိရသည်။

ကိုင်းကြီးကျေးရွာအုပ်စု ဥက္ကဌ ဦးခင်မောင်သန်းမှာ ထွက်ပြေးတိမ်းရှော်လျှက်ရှိကြောင်းနှင့် ဖမ်းဆီးနိုင်ရေး အတွက် ဆက်လက်ရှာဖွေစုံစမ်းမူများ လုပ်နေကြောင်း နယ်စောင့်ရဲတပ်ရင်း အမှတ် (၄) ထံမှ သိရသည်။

 

Author: ချလူးအောင်