မောင်တောမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးများကို ရှာဖွေနေစဉ်

 

ခင်သရဖီဦး၊ DMG

စက်တင်ဘာ ၂၀၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများကို ယခုထက်ပိုမိုကောင်းမွန်သော အစီအမံများဖြင့် တားဆီးကာကွယ်ပေးရန် စက်တင်ဘာလ ၂၀ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်၌ မြောက်ဦး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တိုက်တွန်းခဲ့သည်။

ရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို တားဆီးမှုနည်းပါးနေပြီး မူးယစ်ဆေးဝါးများကို လွယ်လင့်တကူဝယ်ယူရရှိနိုင်ခြင်းကြောင့် ရခိုင်လူမျိုးတို့အတွက် စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိ လာသည်ဟု ဦးထွန်းသာစိန်က ဆိုသည်။

“ ရခိုင်ပြည်နယ်ဟာ မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်သော ပြည်နယ်မဟုတ်ပေမယ့် မူးယစ်ဆေး ၀ါး အမူအများဆုံးပြည်နယ်ဖြစ်ခြင်း၊ လမ်းဘေးကွမ်းယာဆိုင်ကအစ နေရာတိုင်းလိုလိုတွင် မူးယစ် ဆေးဝါး ကို လွယ်လင့်တကူဝယ်ယူရရှိနိုင်ခြင်း ၊ ဟင်းသီးဟင်းရွက်ကဲ့သို့ လမ်းလျှောက် လှည့်လည် ရောင်းချ နေသူများ ရှိနေခြင်း စသည်တို့ဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်အနာဂတ်ကို ခြိမ်းခြောက်နေတဲ့ ရတက် မ အေးဖွယ်ရာ ဖြစ်ရပ်တွေဖြစ်နေတယ်” ဟု၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးအမှုများကို တားဆီးမူများရှိနေသော်လည်း  ဥပဒေ ဘောင်အတွင်းက ယခုထက်ပိုမိုစနစ်တကျ လုပ်ဆောင်နိုင်ရန် လိုအပ်သည်ဟု ဦးထွန်းသာစိန်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသူ များပြားခြင်းနှင့်အတူ လူငယ်များ မူယစ်း ဆေးဝါးများ သုံးစွဲနေခြင်းကြောင့် တိုင်းပြည်အတွက် စိုးရိမ်းစရာဖြစ်နေသည်ဟု ပေါက်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောသည်။

“ ကျနော်တို့ သိရသလောက်ကတော့ လူငယ်တွေ တော်တော်များများ မူးယစ်ဆေးဝါးလောကထဲ  ၀င်ရောက်လာကြတယ်။  ကျနော်တို့ သုံးသပ်မိသလောက်ကတော့ ၈၀% လောက်ရောက်နေတယ်။ အခုလို စိုးရိမ်စရာအခြေအနေကိုတွေ့ရပါတယ်။ အဲလူငယ်တွေက နောက် တိုင်းပြည်ရဲ့ အနာဂတ်ကို ဦးဆောင်လာမယ်သူတွေ မူးယစ်ဆေးဝါးသားကောင်တွေဖြစ်နေတော့ တော်တော်လည်း စိုးရိမ် စရာ ဖြစ်နေတာပေါ့။ ” ဟု ၎င်းက ပြောသည်။

မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိသော်လည်း တရားခံဖမ်းဆီးနိုင်မှုမရှိခြင်းမှာမဖြစ်သင့်ဟု ၎င်းက ဆက်လက်ပြော ကြားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၁ခုနှစ်မှ ၂၀၁၈ခုနှစ် မေလအထိ ကျပ်သိန်းပေါင်း ( ၁၈၃၆၉၂၅.၉၃၄)တန်းဖိုး ရှိ မူးယစ်ဆေးဝါးမျိုးစုံကို ဖမ်းဆီးရမိခဲ့သည်။ မူးယစ်ဆေးဝါးအမှု (၆၃၁)မှုနှင့် တရားခံပေါင်း (၁၀၁၁)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။