
(ပေါက်ကွဲဗုံးများအားရှင်းလင်းနေစဉ် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးယူထားခြင်းဖြစ်သည်။ ဓါတ်ပုံ - စိမ်းကိုကို၊ DMG)
ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ ။ ရခိုင်ပြည်နယ် မြို့တော်စစ်တွေမြို့ရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး နေအိမ်ဝန်း၊ တရားရုံးနှင့် ပြည်တော်သာလမ်းမကြီး မြေစာရင်းရုံးရှေ့တို့တွင် ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၄ နာရီကျော် အချိန်က ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး နေအိမ်ဝန်းအတွင်း မပေါက်ကွဲဘဲ ကျန်ရှိသည့် ဗုံးလုံး တစ်လုံးနှင့် မြေစာရင်းရုံးနောက်နှစ်တွင် မပေါက်ကွဲဘဲ ကျန်ရှိသည့် ဗုံးနှစ်လုံးတို့ကို တပ်မတော်က ရှင်းလင်းပြီးစီးခဲ့ပြီ ဖြစ်ကြောင်း DMG သတင်းထောက်က ပြောသည်။
ယနေ့ နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားရာ နေရာများတွင် လမ်းပိတ်ပြီး လုံခြုံရေးတိုးချကာ ပေါက်ကွဲမှုများကို သေချာစုံစမ်းစစ်ဆေးခဲ့ကြောင်း၊ ယခုလက်ရှိမှာတော့ ပိတ်ထားသော လမ်းများကို ပြန်လည်ဖွင့်လှစ်ပြီ ဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက် ၄ နာရီ ၁၀ မိနစ်ခန့်က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ နေအိမ် အနောက်ဘက်ခြံတံခါးအပြင်ဘက် ကမ်းနားလမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် နေအိမ်တခါး၊ လုံခြုံရေးအဆောင်တို့ပျက်စီးခဲ့သည်။ ယင်းအပြင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ၄င်းနေအိမ်ရှိ ဆရာဝန်တစ်ဦးတို့မှာလည်း (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်။
ပြည်တော်သာရပ်ကွက် ပြည်တော်သာလမ်းမပေါ်ရှိ မြေစာရင်းရုံးရှေ့နှင့် တရားရုံးချုပ်လွတ်တော်ရှေ့တို့တွင်လည်း ၄း၁၄ နှင့် ၄း၁၆ တို့တွင် ဆက်တိုက် ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။
ထိုပြင် မပေါက်ကွဲသေးသည့် ဗုံးသုံးလုံးကိုလည်း ထပ်မံတွေ့ရှိထားပြီး တပ်မတော်နှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ယခင်ကထက် လုံခြုံရေးကို တိုးမြှင့်ထားပြီး မြန်မာနိုင်ငံမှာ ယခုလအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်းသည် မကြာသေးခင်က လားရှိုးမြို့ရှိ မြဝတီဘဏ် ဗုံးပေါက်ကွဲမှုနှင့် စစ်တွေဗုံးပေါက်ကွဲမှုနှင့်ဆို နှစ်ကြိမ်ရှိပြီဖြစ်သည်။

(ပေါက်ကွဲဗုံးများအားရှင်းလင်းနေစဉ် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးယူထားခြင်းဖြစ်သည်။ ဓါတ်ပုံ - ဖိုးသီဟ၊ DMG)




