
(5i2601Lifan Dump Truck ကားအပြာရောင်မှာ ကညောင်းသစ်များ ၂.၂၁ တန်အား တင်ဆောင်မောင်းနှင်လာစဉ် မျက်နှားချင်းဆိုင် ဘက်မှ မောင်းနှင်လာသော ယာဉ်တစ်စီးအား ရှောင်တိမ်းစဉ်။ ဓါတ်ပုံ - သံတွဲမြို့မရဲစခန်း)
မေလ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်၊ သံတွဲ (DMG) ။ ။ ရခိုင်ပြည်နယ် သံတွဲမြို့နယ် သာယာကွင်းအုပ်စု တံခွန်တိုင်ရွာထိပ် မိုင်တိုင် ၁၃ ကီလိုမီတာအနီးမှာ မနေ့က (မေလ ၂၆) ညနေ ၈ နာရီခွဲ အချိန်က ဂွမြို့ဘက်မှ သံတွဲမြို့ဘက်သို့ မောင်းနှင်လာသော သစ်တင်ကား တစ်စီးမှာ မျက်နှာချင်းဆိုင် ကားတစ်စီးကို ရှောင်တိမ်းရာ အဆိုပါ သစ်တင်ကားထဲက လေးဦးမှာ တစ်ဦး သစ်တုံးမိပြီး သေဆုံးသွားကြောင်း သံတွဲမြို့မရဲစခန်းက ပြောသည်။
ယဉ်မောင်းသိန်းတန် ၃၈ နှစ် (မြုံချောင်ကျေးရွားနေ) မောင်းနှင်လာသော 5i2601Lifan Dump Truck ကားအပြာရောင်မှာ ကညောင်းသစ်များ ၂.၂၁ တန်အား တင်ဆောင်မောင်းနှင်လာစဉ် မျက်နှားချင်းဆိုင် ဘက်မှ မောင်းနှင်လာသော ယာဉ်တစ်စီးအား ရှောင်တိမ်းစဉ် အရှိန်မထိန်းနိုင်ဘဲ ဝဲဘက်ယာဉ်ကြောရှိ လမ်းဘေးမြေအနှိမ့်ပိုင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ရာတွင် ယာဉ်ပေါ်ပါလာသူ လေးဦးထဲကတစ်ဦးမှာ သစ်တုန်းများပိ၍ ရွံ့ဗွက်ထဲတွင်နစ်မြှပ်ကာသေဆုံးသွားခဲ့ပြီး ကျန်သုံးဦးမှာ ပွန်းပဲဒဏ်ရာရရှိကာ မစိုးရိမ်ရကြောင်း သံတွဲမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး ကျော်မျိုးထက်က ပြောသည်။
သစ်တင်ယဉ်တိမ်းမှောက်ပြီး သစ်တုန်းပိကာ သေဆုံးသွားသူမှာ ဂျိတ္တောရပ်ကွက် အကွက် ၁၃ နေ ဦးဘရွှေ၏ သားဖြစ်သူ မောင်ကလေး အသက် ၂၃ နှစ် (ကျပန်းလုပ်ကိုင်သူ) ဖြစ်ပြီး ၄င်းသေဆုံးမှုနှင့် ပတ်သက်ပြီး ယဉ်မောင်သိန်းတန်အား ရဲအုပ်သန်းစိုးအောင်မှ တရားလိုပြုလုပ်တိုင်းတန်းခဲ့ခြင်းကြောင့် သံတွဲမြို့မရဲစခန်းမှ ယဉ်မောင်သိန်းတန် ၃၈ နှစ်အား မော်တော်ယဉ်ပုဒ်မ (ပ)၁၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄ က / ၃၃၇ / ၂၇၉ ဖြင့် အမှုဖွင့် ဖမ်းစီးအရေးယူထားကြောင်း စခန်းမှူးဒုရဲမှူး ကျော်မျိုးထက်က ဆက်ပြောသည်။
တိမ်းမှောက်ခဲ့သည့် ယဉ်ပေါ်မှ သစ်များနှင့်ပတ်သက်ပြီး သစ်တောဦးစီးဌာနမှ သီးခြားစစ်ဆေး အရေးယူလျှက်ရှိကြောင်း ထူးခြားမှုတစ်စုံတစ်ရာရှိပါက သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သံတွဲမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက DMG ကို ဖြည့်စွပ်ဖြေဆိုခဲ့သည်။




