ခင်သရဖီဦး၊ DMG
အောက်တိုဘာလ ၂၊ စစ်တွေ
ပေါက်တောမြို့နယ်၊ ဖဒူကျေးရွာအုပ်စု၊ ပတင်းကျေးရွာက အသက် ၉၉ နှစ်အရွယ် ဒေါ် ပုလုမေသည် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယား မရှိသောကြောင့် လူမှုရေး ပင်စင်ထောက်ပံ့မှု မရရှိဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်က DMG ကိုပြောသည်။
အသက် ၉၀ နှင့်အထက် ဘိုးဘွားများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်ပြီး နိုင်ငံတော် ရန်ပုံငွေမှ တစ်ဦးလျှင် လစဉ်ကျပ်တစ်သောင်းနှုန်း ထောက်ပံ့ပေးနေခြင်းဖြစ်သော်လည်း အသက် ၉၉ နှစ်အရွယ် ရှိပြီဖြစ်သည့် ဒေါ်ပုလုမေမှာ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားသည် ဂီရိမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျောက်ဆုံးသွားသဖြင့် ထောက်ပံ့ငွေ ခံစားခွင့် ပျောက်ဆုံးနေခြင်းဖြစ်သည်။
“အသက်၈၅နှစ်နဲ့ အထက် သက်ကြီးရွယ်အိုတွေ ထောက်ပံငွေ ရတယ်ပြောတာကြောင့် ဒေါ်ပုလုမေအတွက် ကျနော့်အနေနဲ့ ပေါက်တော လ၀ကရုံးကို မှတ်ပုံတင်လုပ်ဖို့ သွားတယ်။ ဒါပေမဲ့ သူ့မှာ နိုင်ငံသားစိစစ်ရေး ကဒ်ကလည်း မုန်တိုင်နဲ့ပျောက်သွားတယ်။ အိမ်ထောင်စု ဇယားလည်း ပျောက်သွားတယ်။ လ၀ကရုံးကတော့ အခုပိုက်ဆံ (လူမှုရေးပင်စင်) ရမှ လာလုပ်တာလားလို့ မေးပါတယ်။ အဲဒါကြောင့်သူတို့လည်း မလုပ်ကြတော့ ပါဘူး ”ဟု ဦးခင်မောင်က ပြောသည်။
၎င်းအတွက် လူမှုရေး ပင်စင်ထောက်ပံ့ကြေး ရရှိရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မိသားစု ဝင်များက ကြိုးပမ်းနေသော်လည်း မှတ်ပုံတင်နှင့် အိမ်ထောင်စု ကဒ်ပြားများပြုလုပ်ရန် အခက်အခဲဖြစ်နေသောကြောင့် လူမှုရေး ပင်စင်ထောက်ပံ့ကြေးရရှိရန် နောက်ထပ် အဖြေရှာမရတော့ဟု ဦးခင်မောင်က ဆက်လက်ဆိုသည်။
ဒေါ်ပုလုမေသည် သမီးနှင့်အတူနေထိုင်ခြင်းဖြစ်ကာ စားဝတ်နေရေးအခက်အခဲရှိနေပြီး တစ်လလျှင် လူမှုရေး ပင်စင်ထောက်ပံ့ငွေ ကျပ်တစ်သောင်း ရရှိပါက စားဝတ်နေရေးအတွက် အခက်အခဲ အနည်းငယ် ပြေလည် လိမ့်မည်ဟု မိသားစုဝင်များက မျှော်လင့်ကြသည်။
ယင်းအပြင် ပေါက်တောမြို့နယ်တွင် အသက် ၉၀ ကျော်နေသော်လည်း လူမှုရေးပင်စင်မရရှိသူများ ရှိနေသည်ဟု စုံစမ်းသိရှိရသည်။
လူမှုရေး ပင်စာငွေ ထုတ်ယူရန် နိုင်ငံသားစိစစ်ရေးကဒ်(သို့မဟုတ်) အိမ်ထောင်စု ဇယားဖြင့် သက်ဆိုင်ရာ ရက်ကွက်အုပ်ချုပ်ရေးမှူးထံတွင် တင်ပြရမည်ဖြစ်ကြောင်း၊ ထိုသို့ အထောက်အထား မပြနိုင်ပါက သက်တူ ဘိုးဘွား သုံးဦး၏ ထောက်ခံမှုလိုအပ်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက Myanmar Now သတင်းဌာနကို ပြောကြားထားသည်ကို တွေ့ရသည်။
လူမှုရေးပင်စင်ခံစားခွင့် အသက် သတ်မှတ်ချက်ကို ယခင်က အသက် ၉၀ နှစ်အရွယ်ကို ပေးသော်လည်း လက်ရှိတွင် အသက် ၈၅ နှစ်အရွယ်ရှိ အဘိုးအဘွားများကိုလည်း ပေးသွားမည်ဟု သိရသည်။
လူမှုရေးပင်စင်သည် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးဆောင်၍ အမျိုးသားအဆင့် မဟာဗျူဟာချမှတ်ကာ မြန်မာတစ်နိုင်ငံလုံး လူမှုကာကွယ် စောင့်ရှောက်ရေးကို စီမံချက်၊လုပ်ငန်းစဉ် ရှစ်ရပ်ရေးဆွဲပြီး လူမှုရေး ပင်စင်ကို ထည့်သွင်း ထောက်ပံ့ပေးအပ်ခြင်းဟု အစိုးရက ထုတ်ပြန်ထားသည်။




