
ခင်သရဖီဦး၊ DMG
စက်တင်ဘာ ၁၃ ၊ စစ်တွေ
ဘူးသီးတောင်မြို့နယ် လ၀ကဦးစီးမှုကို နိုင်ငံသား စီစစ်ရေးကတ်ပြားပြုလုပ်ရာတွင် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ပလတ်စတစ်ထိုင်ခုံ အလှူခံမှု ပေါ်ပေါက်သဖြင့် ၀န်ထမ်းနည်းဥပဒေအရ တခြားဒေသသို့ ပြောင်းရွှေ့ရန် စက်တင်ဘာလ ၅ ရက်နေ့က အမိန့်ထုတ်လိုက်သည်ဟု အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဦးသိန်းဆွေကပြောသည်။
ဘူးသီးတောင်လဝကသည် နိုင်ငံသားစီစစ်ရေးကတ်ပြားများပြုလုပ်ရာတွင် ငွေကြေးတောင်းခံမှုရှိပြီး ဒေသခံများမှာလည်း ရုံး အကြိမ်ကြိမ်သွားနေရကာ အခက်ခဲများရှိနေကြောင်း ဘူးသီးတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းရွှေကို ဒေသခံများကတိုင်ကြားလာကြသည်။
ယင်းကိစ္စနှင့်ပတ်သတ်ပြီး ၎င်းက လဝကဦးစီးမှူးကို အရေးယူရန် ရှိ၊မရှိ ပြည်သူ့လွှတ်တော်မှာ မေးမြန်းရာ တခြားဒေသသို့ ပြောင်းရွှေ့ရန် အမိန့်ထုတ်ပြန်လိုက်ပြီဟု ဦးသိန်းဆွေက ပြည်သူ့လွှတ်တော်မှာ ပြောဆိုခဲ့သည်။
ဦးအောင်သောင်းရွှေက “ ဒေသခံတိုင်းရင်းသားတွေ နိုင်ငံသားစီစစ်ရေးကတ်ပြား ပြုလုပ်တဲ့အခါမှာ ငွေကြေးတံစိုး လက်ဆောင် ပေးရတယ်။ ပြီးတော့ လ၀ကရုံးက အကြောင်းအမျိုးမျိုးပြတာကြောင့် ရုံးချိန်အကြိမ်ကြိမ် သွားနေရ တယ်။ အခုလိုသွားလာနေရတာကြောင့် ငွေကုန်ကျမှုများပါတယ် ။ နိုင်ငံသားစီစစ်ရေးကဒ် မရဘဲ အခက်တွေ့နေ ရပါတယ်”ဟုပြောသည်။
ယင်းကိစ္စနှင့်ပတ်သတ်ပြီး အစိုးရအဖွဲ့က စုံစမ်းရာ လဝကဦးစီးမှူးသည် မေလ ၈ရက်နေ့တွင် နိုင်ငံသားစိစစ် ရေးကဒ်ပြား ပြုလုပ်ရန် ရောက်ရှိလာသည့် ကျောက်ပြင်ဆိတ်ဒေသခံတစ်ဦးထံမှ ပလက်စတိတ်ထိုင်ခုံ နှစ်လုံး တောင်းခံခဲ့ကြောင်းတွေ့ရှိရသည်။ ယင်းလုပ်ရပ်သည် လုပ်ထုံးလုပ်နည်း မှားယွင်းခြင်းဖြစ်သည်ဟု ဦးသိန်းဆွေ က ဆိုသည်။
“ စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ရဲ့ အစီရင်ခံစာရှိပြီးဖြစ်တဲ့အတွက် မြို့နယ်ဦးစီးမှုကို နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်း ဥပဒေအရ အပြစ်ဖော်ပြမှတ်တမ်းတင် လက်မှတ်ရေးထိုးပြီး စီမံခန့်ခွဲရေး နည်းလမ်းအရ ဒေသပြောင်းရွှေ့ တာဝန်ချထားပြီး ဖြစ်ပါတယ် ။နောက်နောင်မဖြစ်စေရအောင်လည်း ၀န်ထမ်းအဆင့်ဆင့်ကို ညွှန်ကြားထား ပါတယ် ” ဟု ၀န်ကြီးဦးသိန်းဆွေက ပြောသည်။
အဆိုပါ လဝကဦးစီးမှူးသည် ဘူးသီးတောင်မြို့နယ်တွင် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှ စတင်တာဝန် ထမ်းဆောင်ခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပတ်သတ်ပြီး အရေးယူရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်ရှင်သို့ တိုင်ကြားထားကြောင်း ဦးအောင်သောင်းရွှေထံမှ သိရသည်။




