(မေလ ၁၆ ရက်နေ့က အင်းစိန်မြို့နယ်၊ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ။ ဓါတ်ပုံ - ကောင်းကောင်း/DMG)

မေလ ၁၇ ရက်၊ ၂၀၁၇ ခုနှစ်၊ ရန်ကုန် (DMG) ။     ။     မန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ယခုဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် မဘသက စေခိုင်းခြင်းမဟုတ်သည့်အပြင် အဆိုပါကိစ္စများသည် မဘသနှင့် မသက်ဆိုင်ကြောင်း မေလ ၁၆ ရက် ယနေ့ နေ့လည်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မဘသ(ဗဟို)က ရှင်းလင်းမိန့်ကြားသည်။

မဘသဦးဆောင် ဆရာတော်တစ်ပါးဖြစ်သည့် ဒေါက်တာ အရှင်သောပါက က " အခြေအနေတွေ ထဲမှာ အခြေအနေဆိုးတစ်ခု ပေါ်ပေါက်လာပြီိဆိုလို့ရှိရင် မဘသ မဘသ ဆိုတဲ့ စွပ်စွဲချက်တွေက စိတ်မကောင်းစွာကြားသိရပါတယ်။ တကယ်ကော့ မဘသကလုပ်တာလား။ ဟုတ်သလား။ မဟုတ်ဘူးလား။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်သူကဦးဆောင်တယ်။ ဘယ်သူက ညွှန်ကြားတယ်။ ဒါတွေကိုလည်းပဲ လေ့လာမှုမပြုဘူး။ ဖုန်းဖုန်းတို့ ဒီမှာ ရုံးနဲ့တကွ သက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်လို့ရရဲ့သားနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ မေးမြန်းမှုလည်း မပြုဘဲနဲ့ မဘသကလုပ်တာဆိုတဲ့ အခြေအနေဆိုးတွေကို ဖုန်းဖုန်းတို့ အနီးစပ်ဆုံးအကြောင်းကို ကြည့်လိုက်တဲ့အခါမှာ ပြီးခဲ့တဲ့ မင်္ဂလာတောင်ညွှန့်ကိစ္စနဲ့ပတ် သတ်ပြီးတော့ ဒီလိုပဲ မကြာသေးခင်က ဖြစ်ပေါ်လာခဲ့တဲ့ ဒီအခြေအနေတွေကိုလည်း ဖုန်းဖုန်းတို့ မဟုတ်ပါဘူး။ အဲဒီအတွက် ရှင်းလင်းတာလေးတွေကို အသိပေးဖို့လိုအပ်ပါပြီ။အသိပေးဖို့အတွက် ဖိတ်ကြားတာဖြစ်ပါတယ်။ " ဟု မိန့်ကြားသည်။

မဘသဦးဆောင် ဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော်ဦးဝီရသူ၏ လုပ်ဆောင်ချက်များသည် မဘသအားထိခိုက်စေနိုင်ခြင်း ရှိ/မရှိနှင့် မသဘအနေဖြင့် အရေးယူဆောင်ရွက်ရန် ရှိ/မရှိ မေမြန်းလျှောက်ထားချက်အား ဆရာတော် ဒေါက်တာသောပါက ကအောက်ပါအတိုင်း ဆက်လက်ဖြေကြားသည်။

" မဘသက နိုင်ငံတော်သံဃာနာယကရဲ့ ဆောင်ရွက်မှုကိုလိုက်နာသလို ဆရာတော် ဦးဝီရသူလည်း လိုက်နာပါတယ်။ သူ့ကို တရားမဟောပါနဲ့ဆိုရင် မဟောပါဘူး။ သူ့ဘာသာသူနေတယ်။ သူ့မှာ ပြစ်မှုကျူးလွန်စရာ ဘာမှမရှိဘူး။ အဖွဲ့အစည်းအပေါ်မှာလည်း ဘာမှထိခိုက်စရာ မရှိဘူး။ နိုင်ငံတော်သံဃာမဟာနာယကက ဦးဝီရသူတစ်ပါးတည်းကို လမ်းညွှန်ချက်ပေးတာ မဟုတ်ဘူး။ ရွှေည၀ါဆရာတော်ကိုလည်း တရားမဟောရဘူး ပိတ်ထားတယ်။ သူလိုက်နာတယ်။ ဒီကနေ့ ဆရာတော်ဦးသုမင်္ဂလတို့ ဆိုင်ရာဆိုင်ရာ ဥပဒေနဲ့အညီ အရည်အချင်းတွေရှိပါတယ်။ ဓမ္မကထိက အရည်အချင်းတွေရှိပါတယ်။ အဲဒီအရည်အချင်းတွေနဲ့ မညီရင် မဟောရဘူးဆိုပြီးတော့ လမ်းညွှန်ချက်တွေရှိပါတယ်။ ဒါတွေက သူသွားနေတဲ့ သံဃာအဖွဲ့အစည်းက ချမှတ်ထားတဲ့ လမ်းစဉ်။ အဲဒီလမ်းစဉ်ကို ဆရာတော်ဦးဝီရသူသည် မဟနက ညွှန်ကြားတာရှိတယ်။သူသည်  လိုက်နာနိုင်တယ်။ဒါဟာ ပြီးနေပြီ။ ဖုန်းဖုန်းတို့ ဘာမှပြောစရာမရှိဘူး။ အဲ သူက မဟနက လမ်းညွှန်ချက်ချတယ်။ ဆရာတော်ဦးဝီရသူက မလိုက်နာဘူး။ မလိုက်နာရင် ဦးဇင်းတို့က ဘာမှလုပ်စရာမလိုဘူး။ တရားဥပဒေက အရေးယူ၊ မဟနကအရေးယူမယ်။ နိုင်ငံတော်က သူ့ကို တရားဥပဒေအရ ဖမ်းဆီးတာတို့ ချုပ်နှောက်တာတို့ လုပ်ပေါ့။ မဘသက ဘာမှ အရေးယူလုပ်စရာမလိုဘူး။ မဘသဟာ တရားရုံးမဟုတ်ဘူး။ တရားဥပဒေနဲ့အညီ လုပ်ရမယ့် အဖွဲ့အစည်းလည်း မဟုတ်ဘူး။ တရားရေးစီရင်ပိုင်ခွင့်လည်း မဘသမှာ မရှိဘူး။ မရှိခြင်းကြောင့် နိုင်ငံတော်က ချမှတ်ထားတဲ့ ဒီလမ်းစဉ်ကို ဆရာတော်ဦးဝီရသူလိုက်နာမလိုက်နာရင် ဖမ်းမှာပဲ။ " ဟု ဆက်လက်မိန့်ကြားသည်။

ထိုရှင်းလင်းပွဲတွင် " မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မ၀ံသာနုရက္ခိတအဖွဲ့ " အမျိုးသားရေး၊ သာသနာရေးနှင့်ပညာရေးတို့ကို အဓိကဆောင်ရွက်သွားမည်ဆိုသည့် အချက် ချက်ပါ သဘောထားရပ်တည်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ဧပြီလ ၂၈ ရက်နေ့ ညနေ့က ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ အနော်မာ လမ်းတွင် အစ္စလာမ်စာသင်ကျောင်းကိစ္စနှင့် မေလ ရက်နေ့ ညနေက ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ၁၂၂ လမ်းနှင့် မြယာကုန်းလမ်းတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် မဘသကပါဝင်သည့်ဟု စွပ်စွဲချက်တချို့အား မဟုတ်မှန် မပတ်သက်ကြောင်း အဓိကထား ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

Author: ကောင်းကောင်း