
သြဂုတ် ၁ ရက်၊ ခိုင်ရိုးလ
ယခုနှစ်မိုးရာသီအတွင်း ရခိုင်ပြည်နယ်တွင် ဆန်ဈေးနှုန်းအလွန်မြင့်တက်နေပြီး ဧပြီလကနေ ဆန်တစ်အိတ်ကို အမြင့်ဆုံး ၃၂၀၀၀ ကျပ်မှ ယခု ၄၅၀၀၀ ကျပ်အထိ ဈေးတက်သွားကြောင်း ဆန်ပွဲရုံပိုင်ရှင် ဦးအောင်တိုးရွှေက ပြောသည်။
“ ဆန်ဈေးတက်တာကတော့ ဆန်အမျိုးစားအားလုံးပဲ။ သင်္ကြန်လအလွန်က ဆန်တစ်အိတ်ကို ၃၂၀၀၀ အမြင့်ဆုံးပဲ။ မေလကျတော့ ၃၆၀၀၀ နဲ့ ဇွန်၊ ဇူလိုင် အခုထိတော့ ၄၅၀၀၀ ကျပ်ရှိနေပါတယ်။ ” ဟု ပြောသည်။
ယခုကဲ့သို့ ဆန်ဈေးမြင့်တက်လာခြင်းသည် ရခိုင်ပြည်နယ်မှ ထွက်ရှိသော သီရိဒုံ၊ အိန္ဒိယာချေ၊ ပေါ်ဆန်းမွှေး၊ စာပစိ၊ ပေါ်ကျူး၊ ကောက်ညှင်းစသောဆန်များ အပါအဝင် ဆန်မှုန့်၊ ဆန်ခွဲများကို ရန်ကုန်၊ မန္တလေးစသည့် မြန်မာပြည်ဘက်မှ ဝယ်ယူမှုများနေခြင်းနေသည်။
“ ပြီးခဲ့တဲ့ ဆောင်းရာသီနဲ့ နွေရာသီမှာ ဗမာပြည်က ဆန်တွေ၊ စပါးတွေဝယ်ယူမှုများပြားနေတာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ရခိုင်ပြည်မှာ စပါးတွေနည်းလာတယ်။ ရှိတဲ့စပါးဟာလည်း ဈေးမြင့်တက်လာကာ လက်ရှိမှာလည်း ဆန်တွေကို ဗားမားဆိုက်ကို တင်ပို့နေရတဲ့အတွက် ရခိုင်ပြည်က ဆန်ဈေးဟာလည်းမြင့်တက်လာတာဖြစ်ပါတယ် ” ဟု ဦးအောင်တိုးရွှေက ပြောသည်။
ယခုလို ဆန်ဈေးမြင့်တက်နေခြင်းကြောင့် ထမင်းဆိုင်ရောင်းသူများမှာလည်း အခက်ခဲတွေ့နေကြောင်း စစ်တွေမြို့၊ မကျည်းမြိုင်မှ ထမင်းဆိုင်ပိုင်ရှင် ဦးဝင်းမောင်က ပြောသည်။
“ ဆန်တစ်အိပ်ကို ၄ သောင်းကျော်နေတဲ့အတွက် ထမင်းဆိုင်ရောင်းရတာ အဆင်မမြေမှုတွေ ဖြစ်နေပါတယ်။ ပုံမှန် ထမင်းတစ်ပွဲကို ၂၀၀ ကျပ်နဲ့ ရောင်းတာပါ။ အခုက ဆန်ဈေးကြီးနေတော့ ၂၀၀ ကျပ်ထက် တင်လိုက်ရင်လည်း စားသုံးသူတွေ မလာမှာကိုစိုးရိမ်နေရတဲ့အတွက် ဈေးတင်လို့လည်းမရောင်းရဲပါဘူး။ ” ဟု ပြောသည်။
အဆိုပါ ဆန်ဈေးမြင့်တက်နေမှုကြောင့် ရခိုင်ပြည်နယ်အတွင်းမှ လက်လုပ်လက်စားပြည်သူများတွင် စားရေးသောက်ရေး အဆင်မပြေမှုများနှင့် ကြုံတွေ့နေကြရကြောင်း သိရသည်။
စစ်တွေမြို့တွင် ဆန်ပွဲရုံ ၆၀ ကျော်ရှိကာ ရခိုင်ပြည်နယ်အတွင်း ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ်၊ ကျောက်ဖြူ၊ သံတွဲ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့ တင်ပို့ရောင်းချနေရသည်။ ရခိုင်ပြည်နယ်မှ ဆန်များကို ရန်ကုန်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်း နှစ်စဉ်တင်ပို့ရောင်းချနေကြသည်။





