(တောင်ကုတ်ဒီဂရီကောလိပ် ကျောင်းသားသမဂ္ဂရုံးခန်းဖွင့်ပွဲတွင် တွေ့ရသော ကျောင်းသား/သူများနှင့် ဆရာ/မများ။ ဓါတ်ပုံ - တောင်ကုတ်ဒီဂရီကောလိပ်)

ခင်သရီဖီဦး၊ ဇူလိုင် (၅) ရက်၊၂၀၁၈ ခုနှစ်။  တောင်ကုတ်မြို့မှာ ကျောင်းသွား၊ ကျောင်းပြန်သုံးဘီးဆိုင်ကယ်စီးနင်းခ ဈေးနှုန်းမြင့်တက်လာ၍ တောင်ကုတ်ဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများ လာမည့် ဇူလိုင်လ ၁၀ ရက်နေ့မှာ ဆန္ဒဖော်ထုတ်မည်ဟု သိရသည်။

ယာဉ်စီးနင်းခ ဈေးမြင့်တက်လာခြင်းကို သုံးဘီးဆိုင်ကယ်မောင်းနှင်သူများနှင့် ပြီးခဲ့သည့်လက တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း အဆင်မပြေသည့်အတွက် ဆန္ဒဖော်ထုတ်သွားမည်ဟု တောင်ကုတ်ဒီဂရီကောလိပ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းခန့်မောင်မောင်က ပြောသည်။

“ သုံးဘီးဈေးတွေ၊ ယာဉ်စီးခတွေ ကျဆင်းစေချင်တာပါ။ သုံးဘီးသမားတွေမှာလည်း အဆင်မပြေတာ သိပါတယ်။ ကျနော်တို့ ကျောင်းသား၊ ကျောင်းသူတွေမှာလည်း အဆင်မပြေဘူး။ အရင်က ကျပ် ၂၀၀၊ နောက် ၃၀၀၊ အခု ကျပ် ၄၀၀ ဖြစ်သွားပြီ။ အသွားအပြန်ဆိုရင် ၈၀၀ ဖြစ်တဲ့အတွက် ကျောင်းသားတွေမှာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ” ဟု ပြောသည်။

ယာဉ်စီးနင်းခ ဈေးမြင့်တက်လာခြင်းနှင့် ပတ်သက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများကို တင်ပြသော်လည်း ယခုအချိန်ထိ ဆောင်ရွက်ပေးခြင်းမရှိကြောင်း ကိုမင်းခန့်မောင်မောင်က ပြောသည်။

“ ထွေအုပ်ကတော့ သုံးဘီးသမားတွေကို ဈေးလျော့ခိုင်းပါတယ်။ ဈေးလျော့ခိုင်းလို့မရရင် သုံးဘီးယာဉ်လိုင်းတွေကို ဖျက်သိမ်းမယ်လို့ ပြောပါတယ်။ သူတို့အနေနဲ့ ဘယ်လိုမှ မတတ်နိုင်ဘူးလို့ ပြောတယ်။ အထက်ကို တင်ပြပေးမယ်လို့ ပြောပါတယ်။ ” ဟု ၄င်းကပြောသည်။

ယာဉ်စီးနင်းခ ဈေးမြင့်တက်ခြင်းနှင့် ပတ်သက်ပြီး သုံးဘီးဆိုင်ကယ်မောင်းနှင်သူတစ်ဦးကို ဆက်သွယ်မေးမြန်းရာ ဆီဈေးမြင့်တက်လာခြင်းကြောင့် ယာဉ်စီးနင်းခ မြင့်တက်သွားခြင်းဖြစ်ကြောင်း ပြောသည်။

လာမည့် ဇူလိုင်လ ၁၀ ရက်နေ့ ဆန္ဒဖော်ထုတ်နိုင်ရန် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် (ငြိမ်းစုစီဥပဒေနှင့်အညီ) ကို တောင်ကုတ်မြို့မရဲစခန်းသို့ ယနေ့သွားရောက်တင်ထားပြီးပြီဟု ကိုမင်းခန့်မောင်မောင်က ပြောသည်။

အလားတူ စစ်တွေမှာလည်း ယာဉ်စီးနင်းခ ဈေးမြင့်လာခြင်းကို စစ်တွေနည်းပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက ကန့်ကွက်ထားပြီး မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်မည်ကို ၄င်းတို့၏ မကြာမီကျင်းပမည့် သမဂ္ဂအစည်းအဝေးတွင် ဆွေးနွေးသွားမည်ဟု သိရသည်။