
ခိုင်ရိုးလ / DMG
ဖေဖော်ဝါရီ ၁၄ ၊ စစ်တွေ
ရခိုင်ပြည်နယ်အတွင်း ယာဉ်မတော်တမှုများ လျော့ကျစေရန် အသိပညာပေး လှုပ်ရှားမှုတစ်ခုကို စစ်တွေမြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ဆိုင်ကယ်စီးသူများသည် ဆိုင်ကယ်ဦးထုပ် မဆောင်းကြသည့်အတွက် အသက်ဆုံးရှုံးခြင်းများ ရှိနေသောကြောင့် ကမ်ပိန်းပြုလုပ်ပြီး ပြည်သူကို အသိပေးခြင်းဟု ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောသည်။
“အခုဆိုရင် စစ်တွေမြို့မှာ ပြီးခဲ့တဲ့နှစ်ကလို မရှိတော့ဘဲ ဒီနှစ် နှစ်ဦးပိုင်းကစပြီး ယာဉ်တိုက်မှုတွေ လျော့ကျလာနေပါတယ်” ဟု အမှတ်(၅)ယာဉ်ထိန်းရဲရုံးမှ ဒုရဲမှူးနေလင်းက ပြောသည်။
ယခုပြုလုပ်သည့် ကမ်ပိန်းတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရခိုင်လူငယ်ဆိုင်ကယ်ချစ်သူများအဖွဲ့နှင့် တက္ကသိုလ်ကျောင်းသားများ စုစုပေါင်း လူဦးရေ ၁၀၀ ခန့် ပါဝင်လှုပ်ရှားခဲ့ကြသည်။
“ဒီလိုလုပ်ခြင်းအားဖြင့် ဆိုင်ကယ်စီးသူတွေကို ယာဉ်အန္တရာယ်တွေ၊ အသက်အန္တရာယ်တွေ လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီးတော့ တစ်ဘက်တလမ်းက ပူးပေါင်းတာပါ” ဟု ဆိုင်ကယ်ချစ်သူများအဖွဲ့မှ ကိုကိုနိုင်က ပြောသည်။
ပြည်သူသို့ အသိပညာပေးရာတွင် ဆိုင်ကယ်ကို အရှိန်ပြင်း မမောင်းနှင်ရန်၊ မူးယစ်ကင်းစင်မှ မောင်းရန်၊ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းရန်၊ ယာဉ်အန္တရာယ်ကင်းရှင်းဖို့ အားလုံးပါဝင်ဆောင်ရွက်ရန် စသည့် အသိ ပညာပေးစာများ ပါဝင်သည်။




