သြဂုတ်လ (၁၈) ရက်၊ ၂၀၁၈ ခုနှစ်၊DMG/ခင်သရဖီဦး။

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာတွင်ရှိသော ကျေးရွာပိုင်ပေါ်တွင် ပုဂ္ဂလိကပိုင်အဖြစ် ခြံထိုးနေသဖြင့် ကျေးရွာသားအများစုမှ မကျေနပ်ကာ ၄င်းခြံအားဖျက်ပြီး ကျေးရွာပိုင်မြေအဖြစ် ခြံစည်းရိုးကာရံသည့် ဖြစ်စဉ်တစ်ခု သြဂုတ်လ ၁၈ ရက်နေ့ နေ့လည်ပိုင်းက ယိုးတရုတ်ကျေးရွာတွင်ဖြစ်ပွားခဲ့သည်။

အဆိုပါ ခြံမှာ ယိုးတရုတ်ကျေးရွာရှိ စာသင်ကျောင်းနှင့် ဆေးရုံကြားတွင်ရှိသော မြေဧက ၀.၃၀ ပေါ်တွင် ဦးရွှေကျော်ဆိုသူမှ မိမိပိုင်မြေအဖြစ် ခြံစည်းရိုးကာရံနေသည်ကို မကျေနပ်သည့် ကျေးရွာသားများမှ လာရောက်ကာစုံရုံးပြီး ခြံစည်းရိုးကာရံခဲ့ခြင်းဖြစ်ကြောင်း ယိုးတရုတ်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။

“အခုသူတို့ထိုးတားတဲ့ ခြံစည်းကို ရွာသားတွေကပြန်ပြီးတော့ ခြံစည်းရိုးထိုးတာပါ။ ဒီမြေက ရွာပိုင်မြေဖြစ်တယ်။ အဲဒီမြေက ဦးပိုင်ဖောက်ပြီးသားမြေလည်းဖြစ်တယ်။ မြို့နယ်အဖွဲ့ကို စီစစ်ဖို့လွှတ်တော့ မြို့နယ်အဖွဲ့ကလည်း စားပွဲခုံကပဲ စုံစမ်းတယ်၊ရွာကိုလာပြီး အမှန်တရားကို ဖက်ကမရပ်တည်ဘူး။”ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းကပြောသည်။

လက်ရှိအချိန်တွင် ပြဿနာတစ်စုံတစ်ရာမဖြစ်ပြီးဆုံးသွားပြီဖြစ်ကာ ၄င်းခြံကို ကျေးရွာသား ၃၀၀ နီးပါးက လာရောက်ပြီး ခြံခတ်ခဲ့ခြင်းဖြစ်ကာ  လက်ရှိဖြစ်ပေါ်နေသော ကိစ္စနှင့်ပတ်သက်ပြီးလည်း ဘက်လိုက်မှုမရှိပဲ မှန်ကန်သည့် သူတို့ကိုသာ မြေပိုင်ဆိုင်ခွင့်ပေးစေလိုကြောင်းလည်း အုပ်ချုပ်ရေးမှူးကပြောဆိုခဲ့သည်။