နေရောင်မင်း(စစ်တွေ)၊ DMG

စက်တင်ဘာလ ၂၄၊ စစ်တွေ

 

ရက္ခိုင့်တပ်မတော်နှင့်မြန်မာ့တပ်မတော်တို့ကြား ယခုရက်ပိုင်းအတွင်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဘက်ကျဆုံးမှုများရှိနေသည်။

စက်တင်ဘာလ(၂၃) ရက်နေ့တွင် ရက္ခိုင့်တပ်မတော်၊လှုပ်ရှားစစ်ကြောင်း နှင့် မြန်မာ့တပ်မတော် တို့သည် "အုံးသီးဝ"ရွာမြောက်ဖက် (၅.၅) ကီလိုမီတာအနီး၌ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် မြန်မာ့တပ်မတော်ဘက်မှ (၄) ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယင်းအပြင် ရက္ခိုင့်တပ်မတော်ဘက်ကလည်း "စစ်သည်တော်"တစ်ဦး ကျဆုံးခဲ့ကြောင်း ဆိုသည်။

ယခုရက်များအတွင်း မြန်မာ့တပ်မတော်အနေဖြင့် ရက္ခိုင့်တပ်မတော်အခြေစိုက်ရာနေရာများသို့ ခပ်စိပ်စိပ် အရှိန်အဟုန်ပြင်းပြင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာနေသောကြောင့် ယခုကဲ့သို့တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေရခြင်း ဟု AA က ဆိုသည်။

“စစ်ရေးတင်းမာနေတဲ့ အခြေအနေလို့ပြောလို့ရတယ်။တစ်ဖက်မှာ အစိုးရက ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်နေသလို တစ်ဖက်မှာလည်း စစ်တပ်ဘက်က ထိုးစစ်တွေ အမျိုးမျိုးဆင်နေတယ်”ဟု ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

ရက္ခိုင့်တပ်မတော်နှင့်မြန်မာ့တပ်မတော်တို့ကြား ပြီးခဲ့သည့် စက်တင်ဘာလ(၂၁) ရက်နေ့တွင်လည်း ရှင်မဒိန်ရွာမြောက်ဘက်ရှိ "ထအို့ပီရွာ" အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ရက္ခိုင့်တပ်မတော်(AA) သည် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) စသည့် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ(FPNCC) တွင် ပါဝင်သည်။

ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီသည် “ဝ”အဖွဲ့ ဦးဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သစ်ကိုသာ စွဲကိုင်မည်ဟု ကြေငြာထားသည်။တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ကိုငြင်းဆန်ထားခြင်းဖြစ်သည်။