
(ရက္ခိုင့်တပ်မတော်မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်။ ဓါတ်ပုံ - ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြားရေး)
ဧပြီလ ၁၀ ရက်နေ့၊ ၂၀၁၈ ခုနှစ်။ ။ ရခိုင်လူမျိုးနှင့် ရခိုင်ပြည်နယ်ကို ကာကွယ်စောင့်ရှောက်နိုင်မည့် ရက္ခိုင့်အမျိုးသားတပ်မတော်တစ်ခု ပေါ်ပေါက်လာစေရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ရက္ခိုင့်တပ်မတော်မှ ကြိုးပမ်းနေကြောင်း သိရသည်။
ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်မတော် တည်ထောင်ခြင်း ၉ နှစ်ပြည့်အတွက် သတင်းနှင့်ပြန်ကြားရေး စာမျက်နှာတွင် ရက္ခိုင့်တပ်မတော်နိ ကျင်းပရခြင်း ရည်ရွယ်ချက်ထဲတွင် ယင်းသို့ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်ပြီး ရက္ခိုင့်တပ်မတော်၏ တည်ထောင်ခြင်းနေ့ ဧပြီလ ၁၀ ရက်နေ့သည်လည်း ရခိုင်တမျိုးသားလုံးအတွက် လေးနက်သော နေ့ထူးနေ့မြတ်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းအပြင် ရခိုင့်တပ်မတော်၏ ရပ်တည်ချက်နှင့် မူဝါဒများပေါ်တွင် နိုင်ငံတကာ၊ မဟာမိတ်နှင့် ရခိုင်လူထုတစ်ရပ်လုံးမှ ရှင်းရှင်းလင်းလင်း သဘောပေါက်သိမြင်မှု တိုးပွားလာစေရန်၊ ရခိုင်လူထုနှင့် ရခိုင့်တပ်မတော်အကြားတွင် အပြုသဘောဆောင်သော နားလည်ယုံကြည်မှုများ ဖွံ့ဖြိုးတိုးတက်ပြီး ပူးပေါင်းလုပ်ဆောင်မှုများ ဆက်စပ်တွင်ကျယ်လာစေရန်၊ ရက္ခိတလမ်းစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်သူများအချင်းချင်းကြားတွင် ယုံကြည်နားလည်တိုးပွားမှုမှတစ်ဆင့် လုပ်ငန်းဆောင်ရွက်မှု ကိစ္စတိုင်းတွင် အဆင်ပြေချောမွေ့လာစေရန် စသည့်အချက်များအပါအဝင် အချက်ပေါင်း ၆ ချက်ကိုပါ တပ်မတော်နေ့ ကျင်းပရခြင်းရည်ရွယ်ချက်အဖြစ် ထည့်သွင်းဖော်ပြထားသည်။
ရက္ခိုင့်တပ်မတော်ကို ကချင်ပြည်နယ်၏တစ်နေရာတွင် ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က စတင်တည်ထောင်ခဲ့ပြီး ယခုနှစ် ၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ၉ နှစ်ပြည့်ပြီဖြစ်သည်။ ရက္ခိုင့်တပ်မတော်နေ့တွင် တိုင်းရင်းသားမဟာမိတ်များက ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြကြောင်းလည်း သိရသည်။
အဖိနှိပ်ခံလူမျိုးတစ်မျိုးမျိုးအနေဖြင့် ဖိနှိပ်သူများလက်အောက်မှ လွတ်မြောက်လိုပါက ဖိနှိပ်သူတို့အား တွန်းလှန်တိုက်ခိုက်လိုသောစိတ်နှင့် တွန်းလှန်ရဲသောစိတ်တို့သည် မလွတ်မြောက်သေးသမျှ ကာလပတ်လုံး ဖိနှိပ်ခြင်းခံနေရသော တစ်လူမျိုးလုံး၏ အသွေးအသားတို့ထဲတွင် အချိန်ပြည့်စီးဆင်းနေရန်လိုကြောင်း ရက္ခိုင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ညိုထွန်းအောင်က သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
ရက္ခိုင့်တပ်မတော်နေ့ကို ရက္ခိုင့်တပ်မတော်၏ ဌာနချုပ်တွင်ကျင်းပသကဲ့သို့ ထိုင်းနိုင်ငံရှိ ရခိုင်တိုင်းရင်းသားများကလည်း သူ့နည်းသူ့ဟန်ဖြင့် နှစ်စဉ်ကျင်းပကြကြောင်း သိရသည်။
၂၀၁၇ ခုနှစ်အတွင်း မြန်မာတပ်မတော်၏ တပ်ရင်း ၉ ခုနှင့် ရက္ခိုင့်တပ်မတော်တို့သည် တိုက်ပွဲများ အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည်။




