
မင်းထွန်း၊ ခိုင်ရိုးလ / DMG
မတ် ၇ ရက်၊ စစ်တွေ
တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်မြောက်ပိုင်းတွင် စစ်ဘေးရှောင် တစ်သောင်းကျော်ရှိလာပြီး ၎င်းတို့အတွက် ကယ်ဆယ်ရေးပစ္စည်းများ လိုအပ်နေသည်ဟု ကူညီကယ်ဆယ် ရေး ပြုလုပ်နေသူများထံက သိရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် တိုက်ပွဲဖြစ်ပွားသည့် နေရာ အနီးတွင် နေထိုင်ကြသည့် ကျေးရွာသူ၊ကျေးရွာသားများမှာ ပုဏ္ဏားကျွန်း၊ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် ဘူးသီး တောင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများသို့ ခိုလှုံရန် ရောက်ရှိနေကြခြင်းဖြစ်သည်။
“အခုဆိုရင် အထောက်အပံ့တွေ နည်းလာတယ်။နောက်ပြီး ရေကောင်းရေသန့် မရှိဘူး။ မိုးရွာလိုက် နေပူလိုက်ဖြစ်နေတာကြောင့် တချို့ဆိုရင် အအေးမိ၊နှာစေး၊ ချောင်းဆိုးတာတွေရှိလာတယ် ”ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုအစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်း ကပြောသည်။
လက်ရှိတွင်လည်း မိုးရွာသွန်းမှုကြောင့် စစ်ဘေးရှောင်စခန်းများတွင် မိုးရေများဝင်ရောက်ခြင်း၊ အမိုးအကာ မလုံ လောက်သောကြောင့် အသုံးအဆောင်အဝတ်အထည်များ စိုစွတ်ခြင်း၊ ထမင်းချက်ရန်အတွက် အဆင် မပြေ ခြင်း၊အိပ်စရာ နေရာများအဆင်မပြေခြင်း စသည့်အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု ကိုဇော်ဇော်ထွန်း ကဆက်လက်ပြောသည်။
ကျောက်တော်မြို့နယ် ဝါးတောင် စစ်ဘေးရှောင်စခန်း စခန်းတာဝန်ခံ ဦးစံရွှေဘုက“ မိုးရွာတဲ့အတွက် စစ်ရှောင်တဲလေးတွေမှာ ရေဝပ်ပြီးကျန်နေခဲ့တယ်။ ထမင်းချက်စားစရာနေရာမရှိတော့ဘူး။ ဆက်ပြီးတော့ မိုးဆက်ရွာလာရင် ဒီထက်အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ် ” ၎င်းက ဆိုသည်။
ယင်းအပြင် စစ်ဘေးရှောင်များအတွက် အစားအသောက်၊အဝတ်အထည်၊ဖျာများလိုအပ်လျက်ရှိသည်ဟုလည်း စစ်ဘေးရှောင်ကူညီရေးပြုလုပ်နေသူများထံက သိရသည်။




