
မင်းထွန်း/DMG
ဧပြီလ ၃၀၊ စစ်တွေ
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် သောင်းနှင့်ချီပြီး အခက်အခဲများကို ရင်ဆိုင်နေရသောကြောင့် ယင်းအခက်အခဲများအား ဖြေရှင်းရန် အလှူငွေများကောက်ခံခြင်း၊ သွားရောက် လှူဒါန်းခြင်းများ ပြုလုပ်လျက်ရှိသော်လည်း အစိုးရက ပိတ်ပင်တားဆီးမှုများ ရှိနေသောကြောင့် ရခိုင်တစ် မျိုးသားလုံးညီညွှတ်ရေးကော်မတီက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ဧပြီလ ၂၉ ရက်နေ့က ကြေငြာလိုက်သည်။
အစိုးရအနေနှင့် စစ်ဘေးရှောင်များအတွက် အကူအညီ လုံလောက်စွာ ထောက်ပံ့ခြင်းမရှိဘဲ နိုင်သ လောက်ကူညီနေကြသူများကို ပိတ်ပင်မှုများ ရှိနေသည့်အတွက် ရှုတ်ချရခြင်းဖြစ်သည်ဟု ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ကြီးက ပြောသည်။
“ လူတွေက ဒုက္ခသည်တွေအတွက် စာနာထောက်ထားပြီးတော့ သူ့နည်းသူ့ဟန်နဲ့ ငွေကြေး ကောက်ခံပြီး သွား လှူနေကြတာကိုလည်း ပိတ်ပင်တယ်။ အဲဒီလို ပိတ်ပင်ချင်ရင် အဲဒီလူတွေ အဲဒီလိုမျိုး မလုပ်ရအောင် အစိုးရအဖွဲ့က လုံလုံလောက်လောက်ဖြစ်အောင် ထောက်ပံ့ရမယ်။ အဲလိုမှ သူတို့ ပိတ်ပင်တာ အဓိပ္ပာယ်ရှိမယ်။ အခုကတော့ သူတို့ကလည်း အပြည့်အဝ အကူအညီမပေး။ နောက်ပြီးတော့ လူထုက နိုင်သလောက်နဲ့ ကူညီဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားနေတာကျတော့ ပိတ်ပင်တဲ့အတွက် ရှုတ်ချရတာဖြစ်တယ် ” ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ ကူညီကယ်ဆယ်ရေးပေးနေသူများကို တားဆီးပိတ်ပင်မှုများကြောင့် စစ်ဘေးရှောင်များ အတွက် အခက်အခဲဖြစ်သည်ဟု ဦးခင်မောင်ကြီးက ပြောသည်။
“အခုလည်း စားရေးသောက်ရေး ၊ ရေစသဖြင့်ပေါ့။ ရာသီဥတုအပေါ်မူတည်ပြီး အခက်အခဲဖြစ်နေတယ်။ နောက် တခုက မကြာခင် မိုးရွာလာတော့မယ်။ သူတို့တွေမှာ လုံခြုံတဲ့ အမိုးအကာတွေ မရှိသေးဘူး ” ဟု ၎င်းကပြော သည်။
ဧပြီလ ၆ ရက်နေ့က စစ်တွေမြို့တွင် စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံနေသည့် လူငယ်ပရဟိတ အဖွဲ့တစ်ဖွဲ့ကို ခွင့်ပြုချက်မရှိဘဲ ကောက်ခံနေသည်ဟုဆိုကာ ရဲတပ်ဖွဲ့ကတားဆီးခဲ့သည်။
စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ပေးရေး လုပ်ငန်းစဉ်များတွင် လာရောက်ပူးပေါင်း ပါဝင်လုပ်ဆောင်ကြရန် လိုအပ်ကြောင်းနှင့် မည်သူ့ကိုမျှ မသွားရဟု တားမြစ်ထားခြင်းမရှိဟု ပြည်နယ် အစိုးရ အဖွဲ့က ပြောဆိုထားသည်။
ဌာနဆိုင်ရာများ အနေဖြင့်လည်း ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ဌာနများတွင် ငွေကောက်ခံပြီး မိမိတို့အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်း မပြုလုပ်ရန်လည်း ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားသည်။




