တာဝန်မှ ရပ်စဲခံလိုက်ရသည့် ရခိုင်စည်ပင်ဝန်ကြီး ဦးမင်းအောင်။ ဓါတ်ပုံ - DMG

ဇန်နဝါရီလ ၁၉ ရက်၊ ၂၀၁၈ ခုနှစ်။   ။  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်အား ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်းများကြောင့် နိုင်ငံတော်နှင့် ပြည်သူများ အကျိုးစီးပွားကို ထိခိုက်နစ်နာဆုံးရှုံးမှုများရှိနေသည့်အတွက် ရာထူးမှ ရပ်စဲရန်  ပြည်နယ်လွှတ်တော်က ဆုံးဖြတ်လိုက်ပြီးနောက် သမ္မတထံတင်ပြရာ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သမ္မတက ၄င်းအား ရပ်ထူးမှ ရပ်စဲလိုက်သည်။  

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃  ပုဒ်မခွဲ(င) ပုဒ်မငယ် (၂) ပြည်ထောင်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၀ နှင့် တိုင်းဒေသကြီး (သို့)ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၅၅ တို့ပါ ပြဌာန်းအရ တာဝန်က ရပ်စဲခြင်းဖြစ်သည်ဟု နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သည်။ 

ဝန်ကြီးဦးမင်းအောင်သည်  ရခိုင်ပြည်နယ် မြို့နယ် ငါးခုတွင် စည်ပင်သာယာဌာနပိုင် ဈေးများတည်ဆောက်တည်းရေး တင်ဒါခေါ်ယူရာ၌ လွှတ်တော်ကို အသိမပေးခြင်း၊ မင်းပြားနှင့် ရသေ့တောင် မြို့တို့တွင် ကူးတို့တင်ဒါများကို ပွင့်လင်းမြင်သာမှုမရှိဘဲ ခေါ်ယူခဲ့ခြင်း စသည့် စွပ်စွဲချက် ကိုးခုကြောင့် ရာထူးမှ ရပ်စဲရန်  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦိးက နိုဝင်ဘာလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။  

ယင်းနောက် ဦးမင်းအောင်အား ရာထူးမှ ရပ်စဲနိုင်ရေး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးခဲ့ရာ ဇန်နဝါရီလ (၂) ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းမှာ မွဲခွဲဆုံးဖြတ်ခဲ့ပြီး  တာဝန် ထမ်းဆောင်ရန်မသင့်ကြောင်း ထောက်ခံမဲ ၃၇ မဲရရှိကာ ကန့်ကွက်မဲ ၈ မဲ ရရှိခဲ့ပြီး ထောက်ခံမဲအရေအတွက်သည် မဲပေးခွင့်ရှိသူ၏ သုံးပုံနှစ်ပုံထက် ကျော်လွန်သောကြောင့်   ပြည်နယ်လွှတ်တော်က တာဝန် ထမ်းဆောင်ရန်မသင့်ကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။  

လွှတ်တော်၏ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးနောက် ဝန်ကြီးဦးမင်းအောင်က ရာထူးက ရပ်စဲခံရလျှင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပိုမိုအားကောင်း လာစေရန် လုပ်ဆောင်သွားမည်ဟု မီဒီယာများသို့ ပြောဆိုခဲ့သည်။  

ယခုကဲ့သို့ ဝန်ကြီးတစ်ဦး ရာထူးမှ ရပ်စဲခံရခြင်းရသည် ရခိုင်ပြည်နယ်အစိုးရသစ်လက်တွင် ပထမဆုံးအကြိမ်ဖြစ်သည်။

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်