
ခင်သရဖီဦး၊ DMG
စက်တင်ဘာ ၁၄၊ စစ်တွေ
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဧပြီလမှ စတင်ကာ ဆန်ဈေးများမြင့်တက်လျက်ရှိပြီး ယခုလအတွင်း ဆန်တစ်အိတ်ကို အမြင့်ဆုံး ငွေ ၅၀၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်နေသည်ဟု စစ်တွေဆန်ဈေးကွက်မှ သိရသည်။
ပြီးခဲ့သည့် သြဂုတ်လက ပေါ်ဆန်းမွှေးတစ်အိတ်ကို ငွေ ၄၆၀၀၀ ကျပ်ရှိခဲ့ရာမှ ယခုလတွင် ၅၀၀၀၀ကျပ်အထိ ရှိလာသည်။ အလားတူ ရွှေဝါထွန်းနှင့် သီရိဒုံဆန် တစ်အိတ်ကို ၂၆၀၀၀ ကျပ်ရှိခဲ့ရာမှ ၂၈၀၀၀ ကျပ်အထိမြင့်တက်လာသည်။
ယင်းအပြင် ကောက်ညှင်းဆန် တစ်အိတ်ကို ၃၀၀၀၀ ကျပ်ရှိခဲ့ပြီး ယခုလတွင် ၃၂၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့် တက်လာကြောင်းသိရသည်။
ဆန်ဈေးမြင့်တက်လာရခြင်းမှာ စပါးသီးနှံမပေါ်သေးချိန် စပါးဟောင်းများကို ဈေးပိုပေးပြီး ဝယ်ယူရ သောကြောင့် ဆန်ဈေးနူန်းမြင့်တက်လာခြင်းဖြစ်သည်ဟု စစ်တွေမြို့ရှိ OK ဆန်ရောင်းဝယ်ရေးလုပ်ငန်းမှ ကိုကောင်းဇင်သန့်က ပြောသည်။
“ဆန်းဈေးနူန်းကတော့ အခုလိုအချိန်မျိုးတွေဆို နှစ်တိုင်းလိုလိုဈေးတက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စပါးရှားပါးချိန်ဖြစ်လာတယ်။နောက်ပြီး စပါးကိုဈေးပိုပေးပြီး ၀ယ်ရတာကြောင့် ဆန်တွေက ဈေးတက်လာ တာများပါတယ် ” ဟု ၎င်းက ဆိုသည်။
ဆန်ဈေးမြင့်တက်နေမှုကြောင့် သာမန်အခြေခံလူတန်းစားများ၏ စားဝတ်နေရေး အခြေအနေ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်ဟု စားသုံးသူများက ပြောကြသည်။
စစ်တွေမြို့တွင် ဆန်ပွဲရုံ ၆၀ ကျော်ရှိကာ ပေါက်တော၊မြေပုံ၊ကျောက်ဖြူ ၊မောင်တော စသည့် မြို့နယ်များသို့ တင်ပို့ရောင်းချနေရပြီး ရခိုင်မှ ထွက်ရှိသည့် ဆန်များကို ရန်ကုန်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်း နှစ်စဉ် တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။




