
ခိုင်ရိုးလ၊ DMG
အောက်တိုဘာ ၄၊ စစ်တွေ
ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်စန်းစန်းရီကို နိုဝင်ဘာလ (၁) ရက်နေ့မှ စ၍ ရာထူးက နုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတ်ာသမ္မတရုံးက အောက်တိုဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၁၂၊ပုဒ်မခွဲ(က) နှင့် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေ ပုဒ်မ ၄၉ ၊ ပုဒ်မခွဲ(က)တို့ပါ ပြဌာန်းချက်များအရ ဒေါ်စန်းစန်းရီကို ယင်း၏ သဘောဆန္ဒအလျှောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လက်မှတ်ထိုးပြီး ထုတ်ပြန်လိုက်သည်။
ဒေါ်စန်းစန်းရီ ရာထူးမှ နှုတ်ထွက်သွားရခြင်းမှာ သူ၏ ကိုယ်ရေးကိုယ်တာကိစ္စများကြောင့်ဟု ရခိုင်ပြည်နယ် တရားရေးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဦးမောင်သန်းက DMG ကိုပြောသည်။
“ သူက သူ့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စရှိတယ်။ သူကိုယ်တိုင်ကဆက်မလုပ်ချင်တဲ့အတွက် နှုတ်ထွက်တာပါ။ ဒါကို နိုင်ငံတော်သမ္မတရုံးက ခွင့်ပြုလိုက်တာပါ ”ဟု ၎င်းကဆိုသည်။
ဒေါ်စန်းစန်းရီသည် တာဝန်ထမ်းဆောင်ချိန် ကာလတစ်လျှောက်တွင် ကောင်းမွန်သည့် ဂုဏ်သတင်း ရှိခဲ့သူ တစ်ဦးဖြစ်သည်ဟု တရားလွှတ်တော် ရှေ့နေ ဦးငြိမ်းချမ်းက မှတ်ချက်ပြုသည်။
“ကျနော်တော့ သူ့အကြောင်းကို အရင်က မသိဘူး။ တရားလွှတ်တော် တရားသူကြီး ဒေါ်စီစီ နှုတ်ထွက်ပြီး နောက် သူ့နေရာကို အစားထိုးခန့်အပ်ခံရသူ ဖြစ်ပါတယ်။ ဒီတရား လွှတ်တော်မှာ ပြည်နယ် တရားလွှတ်တော် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန် တလျှောက်လုံး ကောင်းမွန်တဲ့ ဂုဏ်သတင်းနဲ့ နေထိုင်ခဲ့သူ ဖြစ်ပါတယ် ”ဟု ၎င်းက ပြောသည်။
ဒေါ်စန်းစန်းရီသည် လက်ရှိတွင် ရခိုင်ပြည်နယ် တရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး လာမည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် ရာထူးက နုတ်ထွက်ခွင့်ရမည်ဖြစ်သည်။
ဒေါ်စန်းစန်းရီ ရာထူးမှ နုတ်ထွက်မည့်အကြောင်းနှင့်ပတ်သတ်ပြီး မေးမြန်းရန် DMG က တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်းမရှိပေ။




