ခင်သရဖီဦး၊DMG

စက်တင်ဘာ ၁၃၊ စစ်တွေ

 

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ် စက်တင်ဘာလအထိ လူကုန်ကူးမှုပေါင်း ၁၄ မှုအထိ ရှိသည်ဟု စက်တင်ဘာလ ၁၃ ရက်နေ့က ပြည်နယ်လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ရဲမှူးဌေးအောင်က ပြောကြားသည်။

 

 ယခုနှစ်အတွင်း စက်တင်ဘာလအထိ ၅ မှုရှိကာ ၄ မှုမှာ တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့ပြီး   ပြည်တွင်းမှာ တစ်မှု ဖြစ်ခဲ့သည်ဟု  သိရသည်။ ၂၀၁၇ခုနှစ်မှာ  ၉ မှု အထိရှိခဲ့သည်ဟု ရဲမှူးဌေးအောင်က ဆိုသည်။

 

 လူကုန်ကူးမှုဖြစ်ရတဲ့ အဓိကအကြောင်းအရာကတော့ ဒေသဖွံ့ဖြိုးတိုးတက်မှုမရှိလို့ပါ။ အလုပ်အကိုင် အခွင့်အလမ်းမရှိဘူး။  ပြီးတော့ ဆင်းရဲပြီးနွမ်းပါးပြီး ပညာမတတ်တာကြောင့်လည်းပါတယ်။ နောက်ပြီးတော့  ဗဟုသုတမရှိတာကြောင့်လည်းဖြစ်ပါတယ်။ ၎င်းကပြောသည်။

 

ရခိုင်ပြည်နယ်အတွင်း လူကုန်ကူးမှု အများဆုံးခံရသော မြို့နယ်များမှာ စစ်တွေ၊ မြောက်ဦး၊ ရသေ့တောင်နယ်တို့မှာ အများဆုံးဖြစ်ကြောင်းလည်း သိရသည်။

 

လူကုန်ကူးမှုလျော့နည်းအောင်  လုံခြုံရေးဂိတ်များမှာ လက်ကမ်းစာစောင်များနှင့် ကျေးလက်၊ ရက်ကွက်အဆင့်ဆင့်ကို ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ကျနော်တို့အနေနဲ့  ကြိုတင်ကာကွယ်ရေး ဦးစီးပိုင်းအနေနဲ့ လူကုန်ကူးမှုလျော့နည်းအောင် ကြိုတင်ကာကွယ် တဲ့အနေနဲ့ ကျေးလက်တွေကို ကွင်းဆင်းစစ်ဆေးပြီးတော့ ပညာပေး ဟောပြောတာ တွေရှိပါတယ်။ ပြီးတော့ လုံ့ခြုံရေးဂိတ်တွေမှာ  ခရီးသွားပြည်သူတွေကို လက်ကမ်းစာစောင်တွေပေးပြီးတော့ အသိပေးတာ တွေရှိ ပါတယ်ဟု ရဲမှူးဌေးအောင်က ပြောသည်။

 

လူကုန်ကူးမှုလျော့နည်းအောင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း လူကုန်ကူးမှုများ ဆက်လက်ပေါ်ပေါက်နေသဖြင့် ပညာပေးလုပ်ငန်းများ ထိရောက်မှုမရှိဟု ပြည်သူများက ဝေဖန်နေကြသည်။