ဓါတ်ပုံ - ပုဏ္ဏားကျွန်းမြို့နယ် အထက်သင်ပုန်းတန်းကျေးရွာမှ စစ်ဘေးရှောင်များ

ဒီဇင်ဘာ ၁၉၊ ၂၀၁၈ ခုနှစ်၊ ခိုင်ရိုးလ / DMG

ရခိုင်ပြည်နယ်အတွင်းမှ ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အကြားရှိ ဖက်ဝန်းကျော် လမ်းတောင်တန်းတို့တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ ယမနေ့ကအထိ တိုက်ပွဲများဆက်ဖြစ်ပွားခဲ့ပြီး စစ်ရှောင်ဒုက္ခသည်များ ထပ်တိုးလာကြောင်းသိရသည်။

စစ်ဘေးရှောင်များသည် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းနှင့် ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း တို့တွင် ကျောက်တော်မြို့နယ် ချင်းမဝန်တောင်းကျေးရွာမှ သလူချောင်းကျေးရွာသို့ နှစ်သုတ် ရောက်ရှိလာခဲ့ကြောင်း၊ စုစုပေါင်း စစ်ရှောင်ဒုက္ခသည် ၈၃ ဦးဖြစ်ကြောင်း သလူချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဦးစိန်က ပြောသည်။

“မနေ့က တိုက်ပွဲဖြစ်လို့ စစ်ဘေးရှောင်ဒုက္ခသည် ၈၀ ကျော်ရောက်ရှိနေပါတယ်။ သူတို့က တိုက်ပွဲ ဖြစ်လို့ထွက်ပြေးလာကြတာပါ။ ဘုန်းတော်ကြီးကျောင်းဓမ္မရုံမှာ ထားပါတယ်။ သူတို့တွေကို ကျွန်တော်တို့ရွာက ဆန်တွေကောက်ပြီးတော့ စားဖို့ပေးထားပါတယ် ” ၎င်းကပြောသည်။

ချင်းမဝန်တောင်းကျေးရွာတွင် လူဦးရေ ၁၀ ကျော်သာကျန်ရှိခဲ့ပြီး အများစုမှာ စစ်ရှောင်အဖြစ် ထွက်ပြေးလာကြကြောင်း ချင်းမဝန်တောင်းကျေးရွာသား ဦးရဲနိုင်မှ ပြောသည်။

“(မနေ့က) ကျွန်တော်တို့ရွာတစ်ဘက်ကမ်းကနေပြီး စစ်သားတွေက အမြောက်နဲ့ပစ်ပါတယ်။ နောက်ပြီးတော့ လေယာဉ်စက်သေနတ်တွေနဲ့ ပစ်ပါတယ်။ အဲဒါကို ကျွန်တော်တို့ရွာသားတွေက အထိတ်တလန့်ဖြစ်ပြီးတော့ မကြားဖူးတော့ ထွက်ပြေးလာတာပါ။ အဝတ်အထည်တွေလည်း ယူမလာခဲ့ကြပါဘူး။ တစ်ယောက်တစ်စ ရှောင်ပြေးလာတာပါ။ စားရေးသောက်ရေးကိုတော့ ဒီရွာကကျွေးထားပါတယ် ”  ဟု ၎င်းကပြောသည်။

တိုက်ပွဲများသည် ကျောက်တော်မြို့နယ်အတွင်းမှ ဖက်ဝန်းချောင်း၊ မောင်နှမ၊ ကျောက်ဆည်တောင်၊ သဗြုချောင်း၊ ပညာဝ၊ သလူချောင်းကျေးရွာတို့အနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်ဘက်မှ ရဟတ်ယာဉ်များအသုံးပြုပစ်ခတ်၍ သလူချောင်းကျေးရွာသားများ နေအိမ်အောက်တွင် ပုန်းခိုနေခဲ့ ရကြောင်း အဆိုပါကျေးရွာသားများမှ ပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ် အတွင်းတွင် စစ်ဘေးရှောင်သူ ၆၀၀ ခန့်အထိရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှ ထုတ်ပြန်ထားသည်။