သြဂုတ် ၂၅၊ ခင်သရဖီဦး
ရခိုင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်လက်ရှိကာလအထိ လယ်ယာမြေအမှုပေါင်း ၃၀၀ ကျော်ကို နစ်နာသူများဘက်မှ ပြည်နယ်လွှတ်တော်သို့ တိုင်ကြားမှုရှိကြောင်း ရခိုင်ပြည်နယ်လွှတ်တော် လယ်ယာ၊ သားငါး၊ သစ်တောနှင့် ဆည်မြောင်းလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းမှပြောသည်။
ထိုသို့တိုင်ကြားသည့် လယ်ယာမြေအမှုတွဲများထဲတွင် စီးပွားရေးသမားများမှ လယ်ယာမြေများအား အတင်း အဓမ္မသိမ်းယူမှုမှာ အများဆုံးဖြစ်ပြီး ကျန်အမှုတွဲများတွင် မြေစာရင်းဌာနများမှ လယ်ယာမြေတစ်ခုတည်း အတွက် ပုံစံ ၇ ထုတ်ပေးမှုထပ်နေခြင်းကြောင့် လယ်သမားအချင်းချင်းအငြင်းပွားခြင်း၊ ကျေးရွာရှိ စားကျက်မြေ များအား ကျေးရွာသားအနည်းစုမှစိုက်ပျိုးထွန်ယက်မှုကြောင့် ပိုင်ဆိုင်မှုအငြင်းပွားခြင်းများ ပါဝင်ကြောင်း သိရသည်။
၎ နှစ်အတွင်းတိုင်ကြားထားသည့် လယ်ယာမြေအမှုပေါင်း ၃၀၀ ကျော်ထဲမှ အမှုပေါင်း ၈၀ ကျော်အား ပြည်နယ်လွှတ်တော်မှဖြေရှင်းဆောင်ရွက်ခဲ့ပြီး တိုင်ကြားလာသည့်အမှုတွဲများအား ပြည်နယ်လွှတ်တော်မှ ကွင်းဆင်းစီစစ်ပြီး ပြည်နယ်အစိုးရထံ အစီရင်ခံစာပေးပို့ရာတွင် အလေးထားမှုအားနည်းခြင်းကြောင့် မဖြေရှင်းနိုင်သည့် လယ်ယာမြေပြဿနာမှာလည်း များစွာရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းမှ ပြောသည်။
ဦးအောင်ဝင်းက “ အဓိကပြောချင်တာကတော့ ဒီကနေ့လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရပိုင်းနဲ့ပြောချင်တယ်။ ကျနော်တို့က နေပြီးတော့ လယ်ယာမြေပြဿနာတစ်ခုဖြစ်ရင် အဲဒါကိုကွင်းဆင်း စိစစ်ဆောင်ရွက်တယ်။ ဆောင်ရွက်ပြီးရင် ပြည်နယ်အစိုးရအဖွဲ့သို့ လွှတ်တော်ဥက္ကဋ္ဌကတစ်ဆင့် အစီရင်ခံစာ ပေးပို့တယ်။ အဲဒီအချိန်ခါမှာ အစိုးရ အဖွဲ့ဟာ လွှတ်တော်ကပေးပို့လိုက်တဲ့ အစီရင်ခံစာအပေါ်မှာ အလေးထား ဆောင်ရွက်မှုမရှိဒါတွေကြောင့် လယ်ယာမြေပြဿနာတွေ မဖြေရှင်းနိုင်တာတွေအများကြီးရှိတယ်” ဟု ပြောသည်။
စစ်တပ်မှသိမ်းဆည်းထားသည့် လယ်ယာမြေပြဿနာများကိုဖြေရှင်းရာတွင်လည်း ပြည်နယ်အဆင့်မှ ဆုံးဖြတ် ပိုင်ခွင့်မရှိပဲ ပြည်ထောင်စုအဆင့်ကသာ အဆုံးအဖြတ်ခံယူရသည့်အတွက် အခက်အခဲများရှိကြောင်းလည်း သိရသည်။
“ပြည်ထောင်စုအဆင့်ကနေ ပြည်နယ်အဆင့်ကို လုပ်ပိုင်ခွင့်တွေ သတ်သတ်မှတ်မှတ်ချပေးမှသာလျှင် လယ်ယာမြေကဏ္ဍတွေမှာ ဆုံးဖြတ်ပြီးတော့ လယ်ယာမြေအမှုတွေ ပပျောက်လာမယ်၊ တစ်ဖြည်းဖြည်း ချုပ်ငြိမ်းလာမယ်လို့ ကျနော်တို့ယူဆတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းမှ ပြောသည်။
ရခိုင်ပြည်နယ်အတွင်းမှ တောင်သူလယ်သမားများ၏ လူမှုဘဝအကျိုးစီးပွားကို မြှင့်တင်ပေးနိုင်ရန်၊ လယ်ယာ မြေဆုံးရှုံးမှု၊ သိမ်းဆည်းမှုကဏ္ဍများအား ကာကွယ်ရန်နှင့် တောင်သူများကိုယ်တိုင် ကိုယ့်ကြမ္မာကို ဖန်တီး နိုင်ရန်တို့အတွက်ရည်ရွယ်သည့် ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂညီလာခံကို စစ်တွေမြို့တွင် ကျင်းပခဲ့ပြီးလည်းဖြစ်သည်။
ရခိုင်ပြည်နယ်မှ ၇၀ ရာခိုင်နှုန်းသော လယ်သမားလူတန်းစားတစ်ရပ်အား မြှင့်တင်ပေးရန် အစိုးရ၏အခန်း ကဏ္ဍမှာ အခရာကျကြောင်းလည်း တောင်သူလယ်သမားသမဂ္ဂညီလာခံဖြစ်မြောက်ဦးတာဝန်ခံ ဦးကျော်ဇံက ပြောဆိုခဲ့သည်။




