စိမ်းကိုကို၊ DMG

အောက်တိုဘာ ၂၃၊ စစ်တွေ

 

ရခိုင်မျိုးချစ်ပါတီ APP ကိုလာမည့်လအတွင်းဖျက်သိမ်းပြီး ပါတီဝင်များမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ အဖြစ် ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။

 

ရခိုင်မျိုးချစ်ပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့သည် ယနေ့ နေ့လည်ပိုင်းက နှစ်ပါတီညီညွှတ်ရေးအတွက် စစ်တွေဟိုတည်တွင် ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ပြီး ရခိုင်မျိုးချစ်ပါတီဖက်မှ ယင်းသို့ သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်မျိုးချစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ထွန်းကပြောသည်။

 

“ကျွန်တော်တို့က နှစ်ဖက်ဆွေးနွေးပွဲမှာလည်းပါတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးသမိုင်းအစဉ်လာ တွေကို ကျွန်တော်တို့က လက်ခံပြီးသားဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ပါတီကိုဖျက်သိမ်းပြီးတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလံတော်နဲ့ ပါတီအောက်မှာ ကျွန်တော်တို့ကပူးပေါင်းတာဖြစ်ပါတယ်။” ဟုပြောသည်။

 

ရခိုင်မျိုးချစ်ပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှာ မူဝါဒ၊လမ်းစဉ်နှင့် ရည်ရွယ်များတူညီသည့်အတွက် ရခိုင်မျိုးချစ်ပါတီဖက်က နှစ်ပါတီပေါင်းစည်းနိုင်ရေး စာဖြင့်အကြောင်းကြားခဲ့ခြင်းအပေါ် ယခုဆွေးနွေးပွဲမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ နှစ်ပါတီပေါင်းစည်းခြင်းသဘော မဟုတ်ကြောင်းလည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ ပြန်ကြားရေးတာဝန်ခံ ဦးလှမြင့်က ပြောသည်။

 

“ကျွန်တော်တို့ပေါင်းစည်းရေးအတွက်ဆွေးနွေးတာမဟုတ်ဘူး။ ညီညွှတ်ရေးအတွက်ဆွေးနွေးတာ။ ပေါင်းစည်း တယ်ဆိုတာကတော့ နှစ်ဖွဲ့လုံးနဲ့ အပေးအယူလုပ်ပြီးပေါင်းတာပေါ့။ ညီညွှတ်တယ်ဆိုကတော့ မဖြစ်မနေ လုပ်ရတဲ့ အလုပ်ပေါ့။ ကျွန်တော်တို့ရခိုင်လူမျိုးအတွက် သမိုင်းမှာတာဝန်ရှိတယ်။ ဖြစ်အောင်လုပ်ရတဲ့ အလုပ်ပဲ” ဟု ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၁၉၉၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ၌ တတိယအများဆုံး အနိုင်ရပါတီတစ်ခုဖြစ်ခဲ့ပြီး ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ပေါင်းစည်းခဲ့ပြီးနောက်ပိုင်း ပြန်လည် ထူထောင်ခဲ့ခြင်းဖြစ်သည်။