ခိုင်ရိုးလ | DMG
ဒီဇင်ဘာ ၂၃၊ စစ်တွေ
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေသောကြောင့် စပါးရိတ်သိမ်းရန် အခက်အခဲရှိနေသည်ဟု လယ်သမားများထံက သိရသည်။
စပါးရိတ်သိမ်းရန် အချိန်ကျရောက်နေသော်လည်း လယ်ယာမြေအနီးအနားတွင် တိုက်ပွဲဖြစ်နေသည့်အပြင် လယ်ယာမြေများတွင်လည်း တိုက်ပွဲများဖြစ်ပွားနေသောကြောင့် အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေခြင်းဟု မင်းပြားမြို့နယ်၊ လက်ခုပ်ကျေးရွာမှ လယ်သမား ဦးထွန်းသိန်းဝင်းက ပြောသည်။
“ ၀မ်းစာက အခုထိမရသေးဘူး။ အကုန်လုံး အဲဒီလိုလွှင့်ပစ်ခဲ့တယ်။ ကျွဲတွေနွားတွေဆိုလည်း အကုန်လုံးလွှင့်ပစ်ခဲ့တယ်။ ကျနော်တို့သိမ်းရမယ်လို့ မထင်ထားဘူး။ လယ်ပြင်လည်းမသွားရဲဘူး။ လူတွေ့ရင်ပစ်မှာပဲ။ အဲဒါကြောင့် မသွားရဲဘူးဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် လက်နက်ကိုင်အဖွဲ့အစည်းများက သံသယဖြင့်ဖမ်းဆီးမည်ကို စိုးရိမ်၍လည်း စပါးမရိတ်သိမ်းရဲကြဟု ဒေသခံများက ပြောကြသည်။
“ ကျနော်တို့ဘာကိုရှာစားရမှာလဲ။ ငါးတွေရှာလို့ရှိရင်လည်း ခင်ဗျားတို့ဟာ အေအေလူပဲ။ အေအေနဲ့ဆက်ဆံနေတာပဲ။ ကျနော်တို့ဘယ်လိုလုပ်စားမလဲ။ လုပ်စားစရာဘာမှမရှိတော့ဘူး” ဟု မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာမှ လယ်သမား ဦးမောင်သိန်းဝင်းက ဆိုသည်။
စပါးရိတ်သိမ်းရန် အခက်အခဲရှိနေသည့် နေရာများတွင် တိုက်ပွဲမဖြစ်ပွားရန်အတွက် နှစ်ဘက်လက်နက်ကိုင်အဖွဲ့များ ဆင်ခြင်ရန်လိုအပ်ပြီး အစိုးရအနေဖြင့်လည်း စပါးရိတ်သိမ်းနိုင်အောင် ကူညီပေးရန် လိုအပ်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။
“ အစိုးရကလည်းပဲ ဒီရိတ်သိမ်းဖို့ခက်ခဲနေတဲ့ နယ်မြေတွေအပေါ်မှာ မြန်မြန်ဆန်ဆန် ရိတ်သိမ်းနိုင်ဖို့အတွက်၊ နောက်ပြီးလို့ရှိရင် ဥပဒေအကာကွယ်တွေနဲ့ ဆောင်ရွက်ပေးရမယ်။ နှစ်ဖက်တပ်တွေကလည်းပဲ ဒီအပေါ်မှာ လိုက်နာပေးရမယ်။ ဒါကတော့ စိုက်ပျိုးသီးနှံရာသီဖြစ်တယ်။ စိုက်ပျိုးရေးလုပ်ငန်းခွင်ဖြစ်တယ်။ ဒီနေရာမှာ ငါတို့ မထိအောင်ရှောင်ရမယ်ဆိုတဲ့ လူသားချင်းစာနာတဲ့စိတ်၊ လူသားကိုတန်ဖိုးထားတဲ့စိတ်နဲ့ နှစ်ဖက်လုံးက ရှောင်ရှားရမယ်။ ဒါမှပဲ ကျနော်တို့အဆင်ပြေမှာ” ဟု ၎င်းက ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေသည့် ဒေသမှာ စပါးရိတ်သိမ်းနိုင်ရန်အတွက် တစ်မြို့နယ်ကို စပါးရိတ်သိမ်းစက် (၁) လုံးစီ မြို့နယ် အုပ်ချုပ်ရေးမှူးများထံမှတစ်ဆင့် ပေးထားသည်ဟု ပြည်နယ်အစိုးရအဖွဲ့က ပြောဆိုထားသည်။




