
မင်းထွန်း / DMG
မတ် ၂၀ ရက်၊ စစ်တွေ
ရခိုင်ပြည်နယ် စစ်တွေမြို့ ကမ်းခြေတွင် ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်( သဲပုံစေတီတော်) ပွဲကို ယနေ့ မတ် ၂၀ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။
သျှစ်သောင်းမြှောက်ပွဲတော်ကို နှစ်စဉ် ရိုးရာယဉ်ကျေးမှုများနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသော် လည်း ယခုနှစ်တွင် ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာသို့ စာဖြင့်တင်ပြခဲ့သော်လည်း ရပ်ကွက်၊ရဲစခန်း ထောက်ခံစာများနှင့် စာရွက်စာတမ်းတချို့တောင်းခံသဖြင့် အခမ်းအနားများဖြင့်မဟုတ်ဘဲ ရိုးရာချစ်မြတ်နိုးသည့် လူငယ်များမှ လာရောက်ပြုလုပ်ခဲ့ကြသည့် သဘောသာဖြစ်ကြောင်း သာကီမဏ္ဏိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးကျော်ဇံမောင်က ပြောသည်။
“ ကျနော်တို့ကို ခွင့်ပြုချက်မရဘဲ လူစုတယ်။ ဘာဖြစ်တယ်။ညာဖြစ်တယ်။ အဲဒီလိုမျိုး ပြောမှာစိုးလို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ လာရောက်တည်ခြင်းဖြစ်တယ်” ဟု ဦးကျော်ဇံမောင်က ပြောသည်။
ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲတော်ကို ယခင်နှစ်များက သာကီမဏ္ဏိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။
သျှစ်သောင်းမြှောက်ပွဲတော်ကို စစ်တွေကမ်းခြေ၌ ကျင်းပကြသော်လည်း ယခင်နှစ်များကထက် လာရောက်သူများ နည်းပါးခဲ့သည်။
“ကျမ သဲပုံစေတီတော်ပွဲကို လာတာ ငါးနှစ်ရှိပြီ။အရင်နှစ်တွေက ဆိုရင် လူတွေ စည်စည်ကားကားနဲ့ ပျော်စရာကောင်းတယ်။ ဒီနှစ်ဆိုရင် ရခိုင်ရိုးရာဝတ်စုံလည်း မဝတ်ရ၊ ရခိုင်စည်လည်း မပါတော့ ရင်ထဲမှာ တမျိုးခံစားရတယ်”ဟု ပွဲလာရောက်သူ မသန်းသန်းစိုးက ပြောသည်။
သျှစ်သောင်းမြှောက် (သဲပုံစေတီတော်) တည်ခြင်းအားဖြင့် သယံဇာတပေါများမည်၊ တိုင်းပြည်တွင် စားနပ်ရိက္ခာပေါများမည် ၊တိုင်းသူပြည်သားများ အေးချမ်းမည်၊ ဘေးအန္တာရယ် ကင်းဝေးမည်စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်းဖြစ်သည်။




