မင်းထွန်း | DMG
ဒီဇင်ဘာ ၁၁ ၊ စစ်တွေ
ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်အသီးသီးတွင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၁၅၄ ဦးစလုံး ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းကြကြောင်း သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)များထံမှ သိရသည်။
ရွေးကောက်ပွဲအသုံးစရိတ် တင်သွင်းကြသူများမှာ စစ်တွေခရိုင်တွင် ၁၇ ဦး၊ ကျောက်ဖြူခရိုင်တွင် ၇၃ ဦး၊ သံတွဲ ခရိုင်တွင် ၅၆ ဦး၊ ချင်းတိုင်းရင်းသားလွှတ်တော်နေရာတွင် ၈ ဦး စုစုပေါင်း ၁၅၄ ဦးတို့သည် သက်ဆိုင်ရာ ကော်မရှင်အသီးသီးထံတွင် တင်သွင်းခဲ့ကြခြင်းဖြစ်သည်။
“အဲဒီအသုံးစရိတ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ တင်းသွင်းရမှာက ဒီဇင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးဆိုတော့ ဒီနေ့ပဲတင်ပြသွားမယ်” ဟု ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။
ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များကို ကြေငြာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)အသီးသီးသို့ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်း ကြရမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၀ ရက်နေ့တွင် (UEC)ကထုတ်ပြန်ခဲ့သည်။
ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို မတင်သွင်းလျှင် သက်ဆိုင်ရာရွေးကောက်ပွဲနည်းဥပဒေ(၈၄)အရ အရည်အချင်းပျက်ယွင်းသူဟု သတ်မှတ်ကြေငြာခြင်းခံရမည်ဖြစ်ကြောင်း UEC မှ ထုတ်ပြန်ထားသည်။
အလားတူ ရခိုင်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲအသုံးစရိတ် သိန်း ၁၀၀ အထက် ကျော်လွန်တင်ပြခြင်းမရှိသလို ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်ပြီး တိုင်ကြားမှုများလည်းမရှိကြောင်း သက်ဆိုင်ရာကော်မရှင်အသီးသီးမှ တာဝန်ရှိသူများက ဆိုကြသည်။




