(ရခိုင်သို့ရောက်လာသော မစ္စယန်ဟီးအား ယခင်ခရီးစဉ်အတွင်းကမြင်တွေ့ရစဉ်။ ဓါတ်ပုံ - DMG)

ဇူလိုင်လ ၁၀ ရက်၊ ၂၀၁၇ ခုနှစ် (DMG) ။    ။   ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီသည် ရခိုင်ပြည်နယ်အတွင်းသို့ လာရောက်မည်ဖြစ်ပြီး ၎င်းအား ဇူလိုင်လ ၁၂ ရက်နေ့တွင် စစ်တွေမြို့ အလင်းတံခါးအဖွဲ့မှ ဦးဆောင်ပြီး  စစ်တွေလေယာဉ်ကွင်းတွင် ဆန္ဒပြမည်ဟု သိရသည်။

မစ္စယန်ဟီးလီသည် မြန်မာနိုင်ငံသို့ ဆဌမအကြိမ်မြောက်ခရီးစဉ်အဖြစ် ဇူလိုင်လ ၁၀ ရက်နေ့မှ ၂၁ ရက်နေ့အထိဖြစ်ပြီး ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျောက်ဖြူမြို့သို့ လာရောက်မည်ဖြစ်သည်။ ယင်းကနေတဆင့် စစ်တွေမြို့သို့ ခေတ္တရောက်ရှိမည်ဖြစ်ကာ ဘူးသီးတောင်၊ မောင်တောဒေသသို့ သွားရောက်မည်ဖြစ်သည်။

မစ္စယန်ဟီးလီသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်ပြီး တိုးတက်မှု အခြေအနေကို အစီရင်ခံခြင်းကိုသာ ယခင်ခရီးစဉ်များကဲ့သို့ ပြုလုပ်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသော်လည်း ၎င်းအနေဖြင့် မြန်မာနိုင်ငံသားဥပဒေကို လေးစားလိုက်နာခြင်းမရှိဘဲ ဘင်္ဂလီများအရေးကိုသာ ဆောင်ရွက်ရန်လာရောက်ခြင်းဖြစ်သောကြောင့် ဆန္ဒပြရန် စီစဉ်ရခြင်းဖြစ်သည်ဟု စစ်တွေမြို့ အလင်းတံခါးအဖွဲ့မှ ဥက္ကဌ ဒေါ်ကျော့မေက ပြောဆိုသည်။

“ သူမဟာ ခိုးဝင်ဘင်္ဂလီတွေအရေးပေါ့၊မြန်မာနိုင်ငံသားဥပဒေကို လိုက်နာတာမရှိဘဲ ဝင်ရောက်စွပ်ဖက်နေတာကို မကျေနပ်လို့ပါ။ အရင်တုန်းက သူရောက်လာတဲ့အခါတိုင်းမှာ ဌာနေတိုင်းရင်းသားတွေအတွက် လုံးဝမစဉ်းစားဘဲနဲ့ ဘင်္ဂလီအရေးကိုသာ အားပေးအားမြှောက် စကားပြောတာတွေ တွေ့တယ်။ ” ဟု ၎င်းကဆိုသည်။

မစ္စယန်ဟီးလီ၏ ခရီးစဉ်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းချမှတ်ခဲ့သည့် အချက်အလက်ရှာဖွေဖော်ထုတ်ရေးမစ်ရှင် (Fact-Finding Mission) ၏ လုပ်ပိုင်ခွင့်တာဝန်နှင့် ပတ်သတ်ခြင်းမရှိစေရန် လိုအပ်ကြောင်းကို မြန်မာအစိုးရက သတိပေးထားသည်။

လက်ရှိမှာ မစ္စယန်ဟီးလီသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိနေပြီဖြစ်ပြီး အစိုးရအဖွဲ့က သက်ဆိုင်ရာပုဂ္ဂိုလ်များဖြင့် တွေ့ဆုံမည်ဖြစ်သည်။

မစ္စယန်ဟီးလီသည် ခရီးစဉ်အပြီးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်စီစဉ်ထားပြီး ၎င်း၏ခရီး စဉ်အတွင်း လေ့လာတွေ့ရှိချက်များကို ၂၀၁၇ အောက်တိုဘာ၌ကျင်းပမည့် ကုလသမဂ္ဂအထွေ ထွေအစည်းအဝေးသို့ အစီရင်ခံစာတင်သွင်းမည်ဖြစ်သည်။

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်