
( “ကဗျာကယာ” ကဗျာစာအုပ် မိတ်ဆက်ပွဲကို စစ်တွေမြို့၊ လောကာနန္ဒာဘုရားအနီးရှိ Coffee Elixir ဆိုင်တွင် ယနေ့ နေ့လည် ၂ နာရီက ပြုလုပ်ခဲ့ကြသည်။ ဓါတ်ပုံ - ပျံလွှား/DMG)
မေလ ၂၈ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။ ။ ရခိုင်လူငယ်ကဗျာဆရာ (၅) ဦး စုပေါင်းရေးသားထားသည့် ခေတ်ပေါ်မော်ဒန်ကဗျာ အမျိုးအစားကို အသားပေးဖြော်ပထားသော “ကဗျာကယာ” ဟု အမည်ပေးထားသည့် ကဗျာစာအုပ်မိတ်ဆက်ပွဲကို မေလ ၂၈ ရက်နေ့ စစ်တွေမြို့၊ လောကာနန္ဒာဘုရားအနီးရှိ Coffee Elixir ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကဗျာစာအုပ်မှာ ရခိုင်စာပေအရေးအသားတိုးတက်မှုကို ပြသရာရောက်သကဲ့သို့ လူငယ်များ၏ ကဗျာနယ်ပယ်ထိုးဖောက်မှုကို ရခိုင်၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ထည်းသွင်းဖော်ပြထားကြောင်း ငါးဦးထဲက တစ်ဦးဖြစ်သူ ကဗျာဆရာ မင်းပြားမင်းစံက ပြောသည်။
“ကျနော်တို့က လူငယ်တွေပဲစုပြီးထုတ်ဖြစ်တာပါ။ လူငယ်ပရိသတ်ကို ဦးတည်ပါတယ်။ မိန်းကလေးတွေ၊ ယောင်္ကျားလေးတွေပေါ့။ ဘာကြောင့်လည်းဆိုတော့ ဒီအထဲမှာပါတဲ့ သူတွေကအားလုံးလူငယ်။ ပြီးတော့ မိန့်ကလေးတွေကို ဘာကြောင့်ဖတ်စေချင်လည်းဆိုတော့ ကျနော်တို့က ဗျာတွေအများစုက မိန်းကလေးတွေ အဖိနှိပ်ခံထားရတဲ့ အခြေအနေတွေပါတယ်။ မိန်းကလေးတွေဖက်က ခံစားပြီးရေးထားလို့ပါ။ ” ဟု ၄င်းကဆိုသည်။
ယခုကဲ့သို့ ကဗျာအမျိုးအစားကို ရေးသားရာမှာ လူငယ်များ အများအပြားရေးသားကြပြီး၊ ယခုစာအုပ်မှာ လူငယ်များ၏ စာပေမှတ်တိုင်တစ်ခုအဖြစ် လူငယ်များစုပေါင်း ထုတ်ဝေခြင်းဖြစ်ကြောင်း ကမ်းရိုးတန်း အနုပညာအဖွဲ့ဝင် မိုးသင်းဝေဇံ (ကျော်စိုးဦး) ကပြောသည်။
“ ကျနော်တို့က ရခိုင်စာပေသမိုင်းမှာ ထူးထူးခြားခြား မှတ်တိုင်စိုက်နိုင်အောင် ကြိုးစားထားတယ်လို့ ခံစားရတယ်။ ကမ္ဘာမှာပျံ့နှံ့နေတဲ့ အရေးအသားမျိုးကို ရခိုင်လူငယ်တွေအနေနဲ့လည်း ဖန်တီးနိုင်တယ်ဆိုတာ ပြသနိုင်အောင် ကြိုးစားထားပါတယ်။ ” ဟု ၎င်းကပြောသည်။
ကဗျာကယာစာအုပ်၏ ကဗျာစာသားနှင့် ဆိုလိုရင်းအကြောင်းမှာ အဓိကအားဖြင့် အမျိုးသမီးတို့၏ အဖိနှိပ်ခံ လူမှုဘာဝ အခြေအနေများ၊ အမျိုးသမီးတို့၏ မိန့်မပီပီသဘောသဘာဝများ၊ အမျိုးသားတို့နှင့် ယှဉ်ပြိုင်နေရသော အမျိုးသမီးများလည်းရှိပြီး ယင်းအမျိုးသမီးထုကို ပံ့ပို့ပေးမည့်အခြေအနေများနှင့် ခွန်အားတို့ကို ရည်ညွှန်းထားကြောင်း ကမ်းရိုးတန်းအနုပညာအဖွဲ့ဝင် မိုးသင်းဝေဇံ (ကျော်စိုးဦး) က DMG သို့ သုံးသပ်ပြထားသည်။
“ကဗျာကယာ” ကဗျာစာအုပ်တွင် ကဗျာဆရာ ဒီဒီယာနန္ဒ၊ နေအေးမိုး( ရက္ခိုင်)၊ ၀င်းရိုး၊ နီငြိမ်းနှင့် မင်ပြားမင်းစံ တို့ပါဝင်ပြီး ကဗျာ (၂၅) ပုဒ်ပါဝင်ကာ ရခိုင်ပြည်နယ် မြို့နယ်တိုင်းတွင် ဖြန့်ချီနေပြီဖြစ်ကြောင်း၊ ယနေ့ စာအုပ်မိတ်ဆက်ပွဲသို့ ကဗျာဆရာအချို့နှင့် လူငယ်များတက်ရောက်ကာ ကဗျာများ ရွက်ဖတ်ဆိုခဲ့ကြသည်။
ကမ်းရိုးတန်းအနုပညာအဖွဲ့အနေနှင့် ယခုစာအုပ်ဖြစ်မြောက်အောင် တစ်နှစ်နီးပါး အချိန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ နောက်ထပ်လည်း ကဗျာ၊ ပန်းချီကဲ့သို့သော အနုပညာဖန်တီးမှုများ ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ကမ်းရိုးတန်းအနုပညာအဖွဲ့က သိရသည်။




