ခင်သရဖီဦး | DMG
မတ် ၉ ရက် ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံနှင့် ရိုက်တာ သတင်းဌာနကို တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားကြောင်း အမှုဖွင့်ခံရသည့် ကာယကံရှင်ဖြစ်သူ ဦးမောင်ကျော်ဇံထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ကင်းထောင်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပြီး ရွာသားများ ထိခိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာနကို ဖြေကြားခဲ့သဖြင့် အမှုဖွင့်ခံရခြင်းဖြစ်သည်ဟု ဦးမောင်ကျော်ဇံက ပြောသည်။
၎င်းအမှုအား ဘူးသီးတောင်အခြေစိုက် အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၅)မှ ဒုတိယဗိုလ်မှူးကြီး ပြည့်စုံအောင်က တရားလိုပြုလုပ်ကာ ဘူးသီးတောင်မြို့နယ်ရဲစခန်းတွင် မတ်လ ၅ ရက်နေ့က အမှုဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
“တရားလိုက ဒုဗိုလ်မှူးကြီးပြည့်စုံအောင် စကခ ၁၅ ဘူးသီးတောင်က။ ကျနော်က ရိုက်တာသတင်းဌာနကို သတင်းပြောတဲ့အတွက် တရားခံမှာ ကျနော်နဲ့ ရိုက်တာသတင်းဌာနလည်း ပါဝင်တာတွေ့ရတယ်” ဟု ဦးမောင်ကျော်ဇံက ပြောသည်။
ဘူးသီးတောင်မြို့နယ် ကင်းတောင်(မွတ်စလင်)ကျေးရွာတွင် ဇန်နဝါရီလ ၂၅ ရက်နေ့က နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့သည်။
ယခုကဲ့သို့ အမှုဖွင့်ထားခြင်းကို ဥပဒေအတိုင်းရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဦးမောင်ကျော်ဇံက ဆိုသည်။
“သူတို့က တရားစွဲဖို့အတွက်ကို လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ပြည်ထဲရေးဝန်ကြီးကနေတစ်ဆင့် လွှတ်တော်ဥက္ကဋ္ဌဆီက ခွင့်ပြုချက်ယူရမယ်။ ပြီးမှသာ ရဲကအမှုစစစ်ရမှာဖြစ်တယ်” ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ်မှာ အစိုးရနှင့် တပ်မတော်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အသံမထွက်အောင် အဖက်ဖက်က လုပ်ဆောင်နေခြင်းဖြစ်ကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှု(အသံ)အဖွဲ့၏ ဒါရိုက်တာ မောင်ဆောင်းခက ပြောသည်။
“အခုတကယ်လို့သာ တရားစွဲလို့ရှိရင် သတင်းသမားတွေအနေနဲ့ ဘယ်သူ့ကိုမေးရမလဲ ဖြစ်လာတယ်။ သတင်း ရယူမှုက နည်းပေါင်းစုံနဲ့ကန့်ကွက်ခံရပြီးတော့ ဒီရခိုင်ပြည်နယ်က အင်တာနက်ပိတ်ထားတဲ့ မြို့နယ်တွေက ပိုပြီးတော့ အပိတ်ဖက်ကိုရောက်သွားတယ်။ နောက်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လုံးဝအပြင်ကို အသံမထွက်အောင် နည်းပေါင်းစုံနဲ့ အစိုးရရော တပ်မတော်ကပါ ကန့်သတ်ဖို့ကြိုးစားနေတယ်လို့ ကျနော်တို့ မြင်တယ်”ဟု ၎င်းကဆိုသည်။
၂၀၁၉ ခုနှစ် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို တည်ဆဲဥပဒေဖြင့် ချိုးဖောက်မှုအနည်းဆုံး ၁၅၆ မှုဖြစ်ပွား ခဲ့ပြီး လူဦးရေ ၃၃၁ ဦးထက်မနည်း တရာစွဲခံခဲ့ရကြောင်း အသံအဖွဲ့မှ ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ၏ လွပ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အခြေအနေ သုတေသနထုတ်ပြန်ချက်အရ သိရသည်။




