
သြဂုတ် ၁၈၊ ခိုင်ရိုးလ
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် စည်ပင် သာယာရေးဝန်ကြီး ဦးဝင်းမြင့်တို့နှစ်ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံထား ရကြောင်း သိရသည်။
ဝန်ကြီးဦးကျော်အေးသိန်းမှာ မြောက်ဦးခရိုင်တင်ဒါလုပ်ငန်းရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ စည်းမျဉ်း စည်းကမ်းအတိုင်းမရွေးချယ်ခဲ့ခြင်းတို့ကြောင့်ဟု သိရသည်။
ဝန်ကြီးဦးဝင်းမြင့်မှာ မြောက်ဦးမြို့တော်ခန်းမဆောက်လုပ်ရန် တင်ဒါပေးအပ်ခြင်းနှင့်သက်ဆိုင်ပြီး ၎င်းတို့ နှစ်ဦးလုံးအား သြဂုတ်လ ၁၁ ရက်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့ကြောင်း မြောက်ဦးမြို့အခြေစိုက် ဝတီရွှေမြေကုမ္ပဏီမှ ဒါရိုက်တာ ဦးနှင်းထွန်းတိုးမှပြောသည်။
ဦးနှင်းထွန်းတိုးက “မြောက်ဦးမြို့တော်ခန်းမကို ကျွန်တော်တို့ ဝတီရွှေမြေကုမ္ပဏီက ၂၀၁၄ ပြီးခဲ့တဲ့အစိုးရ လက်ထက်က တင်ဒါအောင်ထားပြီးဆောက်လုပ် ခဲ့ပါတယ်။ ဆောက်လုပ်စဉ်ကတည်းက ခန်းမတစ်ခုတည်း ဆောက်လုပ်တာပါ။ ကျန်တဲ့အတွင်း ဆက်စပ် လုပ်ငန်းတွေလျှပ်စစ်လုပ်ငန်း၊ အဲရ်ကွန်း၊ စတိတ်စင်တွေမပါဘူး။
အဲဒီတုန်းက ပြီးခဲ့တဲ့အစိုးရဝန်ကြီးချုပ်က ရောက်လာပြီးတော့ ခန်းမကိုစစ်ဆေးပါပြီး နောက်ခန်းမမှာ လိုအပ်တဲ့ ဆက်စပ်လုပ်ငန်းအတွက် တင်ပြဖို့ခိုင်းပါတယ်။ အဲဒီမှာ ဆက်စပ်လုပ်ငန်း ၁၁ ခုတင်ပြပြီးပြုလုပ်ခဲ့တာပါ။ အခုလုပ်ထားတဲ့လုပ်ငန်းအတွက် အစိုးရအကူးအပြောင်းကာလမှာ ဘတ်ဂျတ်က ကျမလာဘူး။ ဒီအစိုးရမှာ ကျလာမလားလို့ စောင့်နေတာပါ။ ၄ နှစ်တောင်ရှိပြီ။
ဒီနှစ် မြောက်ဦးရန်ပုံငွေ ဘတ်ဂျတ်မှာပါလာတော့ ဦးဝင်းမြင့်ကဒီဟာကို တင်ဒါခေါ်ပြီးပေးမယ်လို့ပြောပါတယ်။ လက်ရှိလုပ်နေတဲ့လူကို မပေးဘူးပေါ့။ ကျွန်တော်တို့ ကုမ္ပဏီကိုမပေးချင်လို့တင်ဒါခေါ်တာပါ။ တင်ဒါခေါ်တဲ့ အချိန်မှာလည်း ကျွန်တော်လျှောက်ခွင့်မရပါဘူး” ဟု ပြောသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံထားရသည့် စည်ပင်ဝန်ကြီးဦးဝင်းမြင့်က မြောက်ဦး မြို့နယ်ခန်းမတင်ဒါလုပ်ငန်းအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီပေးအပ်ခဲ့ခြင်းသာဖြစ်ကြောင်း ဆိုသည်။
ပထမအဆင့်အနေဖြင့် သတင်းစာတွင်ကြော်ငြာခဲ့ပြီး မြောက်ဦးမြို့နယ်ခန်းမဆက်စပ်လုပ်ငန်း ၁၃ ခုအတွက် တင်ဒါခေါ်ယူခဲ့ရာတွင် တက်လာသည့်ကုမ္ပဏီနှစ်ခုအား တင်ဒါရွေးချယ်ရေးကော်မတီက ရွေးချယ်ကာ ချပေးလိုက်ခြင်းဖြစ်ကြောင်း ဝန်ကြီးဦးဝင်းမြင့်က ပြောသည်။
ဝန်ကြီးဦးဝင်းမြင့်က “သူတို့မှာတော့ တိုင်ဖို့အခွင့်လမ်းရှိရင် တိုင်လို့ရတယ်။ ဒါပြည်သူ တစ်ယောက်ရဲ့ ရပိုင် ခွင့်ပေါ့။ ကျွန်တော်တို့ကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဒီတင်ဒါကိုပေးလိုက်တာ။ ကျွန်တော့ကို စစ်ဆေးလို့ အပြစ်ရှိတယ်ဆိုရင်လည်း ခံယူဖို့အဆင်သင့်ရှိတယ်။ အပြစ်မရှိဘူးဆိုရင်တော့ ကျွန်တော့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားတဲ့အတွက် ပြန်တုန့်ပြန်ရလိမ့်မယ် ” ဟု ပြောသည်။
မြောက်ဦးမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် တင်ဒါပေးအပ်ရာတွင်လည်း စည်းမျဉ်း စည်းကမ်းနှင့်မကိုက်ညီဟုဆိုကာ ဖေဖေါ်ဝါရီလအတွင်းက ဒေသခံကုမ္ပဏီ ၁၀ ကျော်မှ ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားထားခဲ့ကြသည်။
ထိုသို့ တိုင်ကြားမှုအားလျှစ်လျှူရှုပြီး တစ်စုံတစ်ရာဖြေရှင်းပေးခြင်းမရှိသည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားရခြင်းဖြစ်ကြောင်းလည်း ဦးနှင်းထွန်းတိုးမှပြောသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံထားရသည့် ရခိုင်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို ကုန်ခဲ့သည့်မေလအတွင်းကလည်း ရခိုင်ပြည်နယ်လွှတ်တော်မှ ကိုယ်စားလှယ် ၁၂ ဦးက လက်မှတ်ရေးထိုးကာ တာဝန်မှရပ်စဲပေးရန် ပြည်နယ်လွှတ်တော်သို့တိုင်ကြားခဲ့သည်။
သို့သော် ရခိုင်ပြည်နယ်လွှတ်တော်က တာဝန်ပေးအပ်လိုက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ပြီး လွှတ်တော်အတွင်းမဲခွဲဆုံးဖြတ်ရာတွင် ဝန်ကြီးကိုတာဝန်မှမရပ်စဲရေး မဲပေးမှုများသည့်အတွက် ကိုယ်စားလှယ် များ၏တိုင်ကြားမှုမှာ ရှုံးနိမ့်ခဲ့သည်။




